DVB Logo
Home
မြန်မာသတင်း

စတားလင့်အပိတ်ခံရတာ ရခိုင်ပြည်သူတွေကို ဘာတွေ သက်ရောက်နိုင်လဲ

DVB
·
November 26, 2026
Photo : DVB
Photo : DVB
Donate to DVB

တကျော့ပြန်တိုက်ပွဲစဖြစ်ကတည်း စစ်တပ်က ဆက်သွယ်ရေးကွန်ရက်တွေ ဖြတ်တောက်ထားတာ ကို ခံနေရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေရဲ့ ဆက်သွယ်ရေးကဏ္ဍအတွက် အသက်သွေးကြော ဖြစ်နေတဲ့ Starlink အင်တာနက်စက်တွေလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက် နောက်ပိုင်းကစပြီး အလုံးရေ ရာချီ ပိတ်သိမ်းခံနေရပါတယ်။ 

ဒီလိုအခြေအနေတွေကြောင့် ရခိုင်ဒေသခံတွေရဲ့ လူမှုစီးပွားဘဝနဲ့ ပညာရေးကဏ္ဍတွေမှာ ဘယ်လို ထိခိုက်မှုတွေ ရှိနေနိုင်ပါသလဲ။ 

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင်တပ်ရဲ့ ဖြတ်လေးဖြတ် ဗျူဟာ ကြောင့် ဖုန်းနဲ့ အင်တာနက် ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်ခဲ့ရပါတယ်။

ဒါကြောင့် အာရက္ခတပ်တော် (AA) က မြို့နယ်အများစုကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက်ပိုင်း AA ရဲ့ နည်းပညာဌာနကတဆင့် Starlink အင်တာနက်စက်တွေကို လိုင်စင်ခွဲခြားသတ်မှတ်ပြီး တရားဝင် သုံးစွဲခွင့်ပေးခဲ့တာပါ။

ဒါပေမဲ့ ရခိုင်ပြည်အနှံ့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်ကနေ လက်ရှိအချိန်ထိ Starlink အင်တာနက်စက် ပိတ်သိမ်းခံရတဲ့ အလုံးရေ ၁၂၀ ကျော်အထိ ရှိလာနေပြီလို့ ရခိုင်ဒေသတွင်း စတားလင့် ဝန်ဆောင်မှုပေးနေသူ ကိုထွန်းနိုင်အောင်က ပြောပါတယ်။

“လောလောဆယ် ဖြစ်တာကတော့ travel restricted နဲ့ ဒီ transfer ထားတဲ့ စက်တွေက အများဆုံး အပိတ်များတယ်လို့ ပြောရမှာပေါ့လေ။ လောလောဆယ် အခြေအနေမှာ သုံးလို့ မရတာကတော့ ID block နဲ့ transfer ထားတဲ့ စက်တွေ ဖြစ်နေတာပေါ့။ ဆိုတော့ နှစ်ခုပဲ ရှိတာပေါ့လေ။ သူတို့ အောက်တိုဘာ ၁၅ မတိုင်ခင်မှာ ID မအောင်သေးတဲ့ စက်တွေရယ်၊ နောက်ပြီးတော့ ကျနော်တို့ ဒီ Starlink က official ထုတ်ထားတာပေါ့၊ ဒါလေးကလည်း ကျနော်တို့ ဒီ 30-days policy လို့ ပြောရမှာပေါ့။ အဲဒီအပေါ် သက်ရောက်မှု ရှိတယ်လို့ ကျနော်တို့အနေနဲ့ ယူဆလို့ ရတယ်ခင်ဗျ။ တရားမဝင်နိုင်ငံ ဖြစ်နေတာပေါ့လေ။ ဆိုတော့ ကျနော်တို့အနေနဲ့ ဘယ်လိုမှ ကာကွယ်လို့တော့ မရဘူးခင်ဗျ။ ဒါပေမဲ့ အခု နောက်ပိုင်းမှာ ပိုပြီး ဆိုးလာမှာက ဘာလဲဆိုတော့ ကျနော်တို့ 30-days policy က ပိုပြီးတော့ ဆိုးလာလိမ့်မယ်။ 30-days policy နောက်ပိုင်းမှာတော့ ကျနော်တို့က အခုဆို သက်ရောက်မှု တော်တော်များများ ဖြစ်နေတာပေါ့လေ။ စက်တွေ ပိတ်တယ်ဆိုတော့ ကျနော်တို့ နောက်ပိုင်းမှာ ပိုပြီးတော့ ကြမ်းလာမယ်လို့ ယူဆလို့ ရတယ် ခင်ဗျ။”

စတားလင့်ရဲ့ SpaceX ကုမ္ပဏီက ပြီးခဲ့တဲ့ ဇူလိုင်လမှာ ထုတ်ပြန်ခဲ့တဲ့ မူဝါဒအသစ်အရ ကုမ္ပဏီ ဘက်က တရားဝင် သတ်မှတ်မထားတဲ့ နိုင်ငံတွေမှာ သုံးစွဲသူတွေအနေနဲ့ ရက်ပေါင်း ၃၀ သာ Travel ပုံစံနဲ့ အသုံးပြုခွင့် ပေးထားတာပါ။

ဒီ 30-Days Policy အရ စက်တလုံးကို မူလမှတ်ပုံတင်ထားတဲ့ နိုင်ငံပြင်ပမှာ ရက်ပေါင်း ၃၀ ဆက်တိုက် အသုံးပြုပြီးရင် သက်ဆိုင်ရာအကောင့်ကို လက်ရှိ အသုံးပြုနေတဲ့ နိုင်ငံ ဒါမှမဟုတ် ဒေသ Region ဆီ ပြောင်းလဲသတ်မှတ်ဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်ကစပြီး မူလမှတ်ပုံတင်ထားတဲ့ နိုင်ငံပြင်ပမှာ အသုံးပြုနေတဲ့ Starlink စက်တွေကို ရက်ပေါင်း ၃၀ အထိသာ ဆက်တိုက်အသုံးပြုခွင့်ပြုမှာဖြစ်ပြီး ရက် ၃၀ ကျော် လွန်သွားရင်တော့ အင်တာနက်လိုင်း ဖြတ်တောက်ခံရတာ ဒါမှမဟုတ် အကောင့် ကန့်သတ်ခံရတာ (Restricted) တွေ ဖြစ်ပေါ်နိုင်ပါတယ်။

တဖက်မှာလည်း မြန်မာနိုင်ငံဟာ Starlink တရားဝင် အသုံးပြုခွင့်ပေးထားတဲ့ နိုင်ငံစာရင်းထဲမှာ မပါဝင်သေးပါဘူး။

လက်ရှိ ရခိုင်မှာတော့ Starlink Mini တလုံးကို ကျပ်သိန်း ၂၂၀ ဝန်းကျင်နဲ့ Gen 3 တလုံးကို ကျပ်သိန်း ၃၀၀ ဝန်းကျင်အထိ ဈေးရှိနေတာကြောင့် စက်ပိတ်သိမ်းခံရမှုတွေဟာ သုံးစွဲသူတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်နေပါတယ်။

ရခိုင်မှာ အင်တာနက် ပြတ်တောက်သွားမယ်ဆိုရင် Starlink အင်တာနက်ကို အဓိက အားထား နေရတဲ့ ရခိုင်ဒေသခံတွေအတွက် လူမှုစီးပွားဘဝတွေ၊ သတင်းသိရှိပိုင်ခွင့်တွေနဲ့ ပညာရေးကဏ္ဍ တွေမှာလည်း ကြီးမားတဲ့ ရိုက်ခတ်မှုကို ဖြစ်စေတယ်လို့ ရခိုင်ဒေသခံတယောက်က ပြောပါတယ်။

“ဒီ Starlink တွေ အခု စပြီးတော့ ပိတ်နေပြီပေါ့။ တနေရာနဲ့ တနေရာကို သတင်းစကားတခု ပါးမယ်ဆိုရင်လည်း ငွေကုန်ကြေးကျခံပြီးတော့မှ သွားပြီးတော့ ပို့ရတဲ့ အခြေအနေတွေ ရှိတယ်။ ကျနော်တို့ ဒါရခိုင်ပြည်က လက်ရှိ ပြည်ပကဝင်တဲ့ ဝင်ငွေအပေါ်မှာဘဲ မှီခိုနေရတာလေ။ ဝင်ငွေ အလွှဲအပြောင်းတွေနဲ့ ပတ်သက်ပြီး တော်တော်လေး အခက်အခဲ ရှိသွားနိုင်တယ်ပေါ့။ ပြီးလို့ရှိရင် ဒီ ပြည်တွင်းထဲမှာ ဒီလောက် ဆိုးဝါးတဲ့ အခြေအနေမှာ ကြံကြံဖန်ဖန် ရှာကြံပြီးတော့မှ ကုန်သွယ်မှု လုပ်ငန်းလေးတွေ လုပ်ကိုင်နေကြတာ ရှိတယ်။ အဲဒီလုပ်ငန်းတွေလည်း တော်တော်လေး ထိခိုက်သွားနိုင်တယ်။ နောက်တခုက ဒီလိုမျိုး လူငယ်တွေရဲ့ ပညာရေး အခွင့်အလမ်း ဆုံးရှုံးတဲ့ အခါမှာ အင်တာနက် အသုံးပြုပြီးတော့မှ ဒီပညာရေး လေ့လာနေတဲ့လူငယ်တွေ ရှိတယ်။ အဲဒီ လူတွေအတွက်လည်း ပညာရေး အရမ်း ထိခိုက်သွားနိုင်တဲ့ အခြေအနေ ရှိတယ်။”

ရခိုင်အပါအဝင် မြန်မာနိုင်ငံအနှံ့ စစ်ရေးပဋိပက္ခတွေကြောင့် ဆက်သွယ်ရေးပြတ်တောက်မှုတွေ ရှိနေချိန်မှာ စတားလင့် အင်တာနက်လိုင်းဟာ ပြည်သူတွေအတွက် လူမှုရေး၊ စီးပွားရေး၊ ပညာရေးနဲ့ လူမှုကူညီရေး စတဲ့ ကဏ္ဍတွေအတွက် အလွန်အရေးပါလှပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013