
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဘဏ်လုပ်ငန်းစနစ်တွေ လုံးဝရပ်တန့်သွားတာနဲ့အတူ ငွေသားရှားပါးမှု ပြဿနာဟာ ရခိုင်ပြည်သူတွေရဲ့ နေ့စဉ်ဘဝကို အကြီးအကျယ် ရိုက်ခတ် နေပါတယ်။
ငွေလွှဲ၊ ငွေထုတ် ဝန်ဆောင်ခတွေဟာ အရင်ကထက် ၁၀ ရာခိုင်နှုန်းအထိ မြင့်တက်လာတဲ့အတွက် စစ်ဘေးရှောင်တွေနဲ့ အခြေခံလူတန်းစားတွေဟာ စားဝတ်နေရေးကျပ်တည်းမှုဒဏ်ကို ထပ်ဆင့် ရင်ဆိုင်နေကြရပါတယ်။
ရခိုင်ပြည်နယ်မှာ တိုက်ပွဲစဖြစ်တဲ့ ၂၀၂၃ ခုနှစ်ကစပြီး KBZ၊ AYA၊ မြန်မာ့စီးပွားရေးဘဏ် စတဲ့ ဘဏ်ခွဲတွေအားလုံး ပိတ်သိမ်းသွားခဲ့ပါတယ်။
အခုဆိုရင် KPay, Wave Pay စတဲ့ အွန်လိုင်းစနစ်ကိုပဲ အဓိက အားကိုးနေရပေမဲ့ ဆက်သွယ်ရေး လိုင်းတွေ မကောင်းတဲ့အတွက် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရပါတယ်။
ဒါ့အပြင် ငွေထုတ်ခ ဈေးမြင့်တက်လာတာနဲ့အတူ ငွေလိုသလောက် ထုတ်ယူမရတဲ့ ငွေသား ပြတ်တောက်မှု ပြဿနာတွေကိုပါ တပါတည်း ရင်ဆိုင်နေကြရပြီး ထိထိရောက်ရောက် အကူအညီ ပေးနိုင်မှု အားနည်းနေတယ်လို့ ဒေသတွင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးတဲ့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး(PYA) ဒုဥက္ကဋ္ဌ ကိုကျော်ဝင်းထွန်း က ပြောပါတယ်။
ဒေသတွင်း စစ်ဘေးရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတယောက်က “အခု လက်ရှိ ရခိုင်မှာ ၁,၀၀၀ တန်၊ ၅၀၀ တန်တွေကို လူတိုင်းနီးပါး မလိုချင်ဘူးပေါ့။ ငွေထုတ်တဲ့အခါ ၁၀ သိန်းထုတ်ရင် ၃ သိန်းလောက်ကို ၁,၀၀၀ တန် ၅၀၀ တန် ပေးတယ်။ အဲ့ ၃ သိန်းလောက်နဲ့ ပစ္စည်းသွားဝယ်ရင် ဆိုင်တွေက လက်မခံဘူး။ ပမာဏ အများကြီး ထုတ်မယ်ဆိုရင်လည်း လက်ရှိ ကျနော်တို့နေတဲ့ နေရာမှာတော့ မရဘူးပေါ့၊ တခြားနေရာကိုသွားပြီး ထုတ်ရတယ်။ ဆိုင်တွေ အကြီးကြီးရှိတဲ့ နေရာမှာသွားပြီး ထုတ်ရတယ်။ တခါတလေကျရင်တော့ တဆိုင် နှစ်ဆိုင်ခွဲပြီး ထုတ်ရတာပေါ့။ အဲ့ဒီမှာ လမ်းစရိတ်တွေကလည်း ကုန်သွားတယ်၊ နောက်ပြီး ကြားထဲမှာ ငွေထုတ်ခ ပမာဏတွေ ကလည်း မတူဘူး၊ ကွာခြားချက်တွေတော့ ရှိပါတယ်။ အခု ရခိုင်မှာ ကုန်စျေးနှုန်း ကြီးတာကတာမျိုး၊ တချို့နေရာမှာဆိုရင် လမ်းပန်းဆက်သွယ်ရေးမကောင်းဘူးပေါ့၊ လှေတွေနဲ့ တဆင့်သွားပြီး ငွေထုတ် ရတယ်။ အဲ့ဒီအချိန်မှာ လမ်းစရိတ်က ဖြတ်၊ ငွေထုတ်ခ ပမာဏတွေက ဖြတ်တော့ ထိထိ ရောက်ရောက် မရဘူးပေါ့။ အဲဒီမှာ စစ်ဘေးရှောင်တွေအတွက်တော့ အများကြီး ခက်ခဲမှုတွေ ရှိတာပေါ့” လို့ ပြောပါတယ်။
မိုးရာသီကာလ လမ်းခရီးအခက်အခဲတွေကြောင့် ရခိုင်က ကုန်သည်တွေ ကုန်မချတော့တဲ့အတွက် ငွေသားစီးဆင်းမှု ရပ်တန့်သွားတာ၊ အင်တာနက်ပြတ်တောက်ခံရမှာကို စိုးရိမ်ပြီး ဘဏ်အကောင့်ထဲ ငွေမထားရဲတော့တာနဲ့ ငွေလွှဲ ငွေထုတ် အကောင့်တွေ အပိတ်ခံရတာတွေကြောင့်လည်း ငွေထုတ်ခ ဈေးနှုန်းတွေ အဆတန်မြင့်တက်လာတာလို့ ငွေလွှဲငွေထုတ်လုပ်ကိုင်သူတွေက ပြောပါတယ်။
အလုပ်အကိုင်ရှားပါးပြီး ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ ရခိုင်ဒေသမှာ ပြည်ပရောက် မိသားစုဝင်တွေရဲ့ ဝင်ငွေကိုသာ အဓိက မှီခိုနေကြရတာပါ။
ဒီလိုအခြေအနေတွေကို အဆိုးရွားဆုံး ရင်ဆိုင်နေရတာကတော့ စစ်ဘေးရှောင်ပြည်သူတွေ ဖြစ်ကြပြီး ဝမ်းရေး လောက်ငအောင်ပင် မနည်းကြိုးစားရုန်းကန်နေရပါတယ်။
ရခိုင်စစ်ဘေးရှောင်တယောက်က “မြို့နဲ့အလှမ်းဝေးတဲ့နေရာတွေ ဆိုလို့ရှိရင်တော့ ၁ သိန်းကို အခု ၁၀ ရာခိုင်နှုန်းပေးရတယ်။ ကုန်ပစ္စည်းစျေးတွေက စျေးကြီးတယ် အဲဒီမှာ။ အခု မိုးရာသီ ဆိုလို့ ရှိရင်တော့ ကလေးတွေ ရှိတဲ့သူတွေ ဆိုလို့ရှိရင် ဖျားနာတာတွေ ရှိတယ်၊ ဆေးဖိုးဝါးခတွေရော အဲ့ဒါတွေကတော့ နည်းနည်း အခက်အခဲတွေ ရှိတာပေါ့။ ပုံမှန်ဆိုလို့ရှိရင် တနေ့ကို ၁၀,၀၀၀ ဆိုလို့ရှိရင် အခုက တနေ့ကို ၂၀,၀၀၀ လောက် ကုန်တယ်။ တနေ့ ၇,၀၀၀ ဖိုးနဲ့ ချိန်ပြီးတော့ စားနေရတာပဲ အခက်အခဲတွေတော့ နည်းနည်းပါးပါး ရှိကြတာပေါ့နော်။ အခုက မိုးတွင်းကာလ ဆိုတော့ ပိုဆိုးတယ်လေ။ ဆေးဖိုးဝါးခတွေရော အကုန်လုံးဆိုတော့ ခုက ဆေးရုံဆေးခန်း သွားဖို့ ကျတော့ အခု မိုးတွင်းကာလဆိုတော့ သိပ်အဆင်မပြေကြဘူး။ ဆေးဝယ်ပြီးတော့ ရွာမှာ ရမ်းကု ဆရာတွေနဲ့ ခေါ်ပြီးတော့ ပြတယ်။ လုပ်ကျွေးမယ့်သူ မရှိတဲ့သူတွေကျတော့ ရှာကြံပြီးတော့ ငါးရှာလိုက်၊ အဲ့လိုမျိုး စားသောက်နေကြတဲ့သူတွေလည်း ရှိပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ကိုယ်ပိုင်ဘဏ်စနစ် တည်ဆောက်ဖို့ ပြင်ဆင် နေတယ်လို့ ဆိုပေမဲ့ မြေပြင်မှာတော့ ငွေသားစီးဆင်းမှု ပြတ်တောက်နေဆဲ ဖြစ်ပါတယ်။
ရခိုင်ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေထုတ်ခ ကြီးမြင့်မှုနဲ့အတူ စစ်ဘေးနဲ့ မိုးရာသီကာလ သဘာဝဘေးဒဏ်တွေကြားမှာ ရခိုင်က ပြည်သူတွေဟာ ခါးစည်းခံရင်ဆိုင်နေကြရပြီး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အရေးတကြီးလိုအပ်နေတာပါ။
ကေခိုင်










