DVB Logo
Home
မြန်မာသတင်း
လေကြောင်းအန္တရာယ်အချက်ပေးစနစ် တပ်ပေးရန် ရခိုင်ပြည်သူများ တောင်းဆို
DVB
·
May 14, 2026
Photo : DVB
Photo : DVB
Donate to DVB

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာဒေသတွေမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ တိုးမြှင့်လာနေတာကြောင့် ဒေသခံတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးအတွက် လေကြောင်းအန္တရာယ် အချက်ပေးစနစ်တွေကို ထိထိရောက်ရောက် တပ်ဆင်အသုံးပြုပေးဖို့ ဒေသခံ တွေက တောင်းဆိုနေကြပါတယ်။

လက်ရှိ ရခိုင်မှာ စစ်တပ်က လေယာဉ်အုပ်စုလိုက် သုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေကို အရှိန်တိုးမြှင့် လုပ်ဆောင်လာနေပါတယ်။

ဒါပေမဲ့ မြေပြင်မှာတော့ လေကြောင်းအန္တရာယ် ကြိုတင်အသိပေးစနစ်တွေက အားနည်းနေဆဲ ဖြစ်တယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော် (AA) အနေနဲ့ လေကြောင်းအန္တရာယ် ကာကွယ်ရေး အချက်အလက်တွေကို သတိပေး ထုတ်ပြန်ထားပေမဲ့လည်း မြေပြင်မှာတော့ လေယာဉ်လာတာကို ကြိုတင်သိရှိနိုင်ဖို့ အခက်အခဲတွေ ရှိနေဆဲပါ။

အင်တာနက်နဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ရခိုင်မှာ လေယာဉ်သံကြားမှ ဗုံးခိုကျင်းထဲ ပြေးနေရတဲ့ အခြေအနေဟာ အသက်အန္တရာယ်အတွက် အလွန်စိုးရိမ်စရာ ဖြစ်နေပါတယ်။

ရခိုင်ဒေသခံတယောက်က “ဘယ်နေရာမှာပဲ နေတဲ့သူဖြစ်ဖြစ်ပေါ့လေ၊ နေ့စဉ်နဲ့အမျှ လေကြောင်း စိုးရိမ်နေရတာ ရှိတယ်။ စစ်အစိုးရအသစ်တက်ပြီး နောက်ပိုင်းမှာ ပိုပြီးတော့ ရခိုင်ကို ဗုံးကြဲတာတွေ လေယာဉ်အုပ်လိုက်ကြီးနဲ့ တိုက်ခိုက်တာတွေ ခပ်စိတ်စိတ် လုပ်လာတဲ့အခါကျတော့ ပိုပြီး စိုးရိမ်ရတာတွေ ရှိတယ်။ လေယာဉ်လာပြီဆိုတဲ့အသံ ကြားတာနဲ့ ဗုံးခိုကျင်းရှိရင် ဗုံးခိုကျင်းပြေးပေါ့၊ မရှိရင်လည်း အဆင်ပြေမဲ့နေရာတွေ၊ အကာအကွယ်ရနိုင်မဲ့ နေရာတွေ ဝင်ပုန်းကြရတဲ့ အနေအထား ပေါ့။ လေကြောင်းရန် သတိပေးချက်တွေကတော့ မရဘူးဗျ။ ကျနော်တို့ နယ်တွေဘက်မှာ မရှိဘူး။ ကျနော်သိသလောက် ဒီ ရခိုင်က တခြားနေရာတွေမှာလည်း အဲလိုမျိုး လေကြောင်းရန် ကြိုအသိပေး တဲ့ စနစ်တွေ မရှိဘူးလို့ ကျနော်တို့ သိရတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့လည်း တဖက်မှာတော့ ရခိုင်ဒေသအတွင်း ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထား ရတာဟာ လေကြောင်းသတိပေးချက် ရရှိဖို့အတွက် အဓိက အတားအဆီး ဖြစ်နေပါတယ်။

ဒါကြောင့် အာရက္ခတပ်တော် (AA) အနေနဲ့ Starlink လိုမျိုး အင်တာနက်စနစ်တွေကို ကန့်သတ် မထားဘဲ လုံခြုံရေးအတွက် အသုံးပြုခွင့်ပေးဖို့ ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

ရခိုင်ဒေသခံက “ဒီထက်ပိုပြီးတော့ ဂရုတစိုက်နဲ့ ပြည်သူကို ကာကွယ်ဖို့အတွက်ကို စီမံချက်တွေ လုပ်ဆောင်ပေးဖို့ ဖြစ်စေချင်တယ်ဗျ။ အခုနောက်ပိုင်းပေါ့နော် ဒီ ကြိုတင်အသိပေးချက်တွေအပြင် နောက်တခုက ဒီ ဆက်သွယ်ရေးပိုင်းဆိုင်ရာတွေကို တင်းကျပ်ထားတဲ့ဟာ တချို့ရှိတယ်။ လူထုကို တဖက်က Starlink သုံးတဲ့ ပုံစံမျိုးတွေပေါ့၊ တယ်လီဖုန်း ကိုင်ခွင့်ပေးတာတွေကအစ တင်းတင်း ကျပ်ကျပ် လုပ်ထားတဲ့ဟာက ဒါ လုံခြုံရေးအတွက် အကျုံးဝင်သလား၊ ဒါ အကျိုးသက်ရောက်မှု ရှိသလား၊ ဒါမှမဟုတ်လို့ရှိရင် ဒီဆက်သွယ်ရေးစနစ်ကို ပြန်ဖွင့်ပြီးမှ လုံခြုံရေးကို မြန်မြန်ဆန်ဆန်နဲ့ သတိပေးလို့ ရနိုင်မဲ့ နည်းရှိသလား၊ အဲဒါလေးတွေတော့ ပြန်ပြီးတော့ သုံးသပ်စေချင်တယ်ဗျ” လို့ ပြောပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်တဲ့နယ်မြေမှာ Starlink အင်တာနက်သုံးစွဲခွင့် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားမှုနဲ့ ပတ်သက်ပြီး ULA/AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို DVB က ဆက်သွယ် မေးမြန်းထားပေမဲ့လည်း သတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေကြားတာ မရှိပါဘူး။

လေကြောင်းအန္တရာယ်ကို အတတ်နိုင်ဆုံး ကာကွယ်နိုင်ဖို့အတွက် အင်တာနက်ရရှိတဲ့ နေရာတွေကို ဗဟိုပြုပြီး ကျေးရွာ၊ ရပ်ကွက်နဲ့ မြို့နယ်အဆင့်ဆင့်ကို ချိတ်ဆက်ထားတဲ့ အချက်ပေးစနစ်တွေကို တပ်ဆင်ဖို့ လိုအပ်နေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်း ပြောပါတယ်။

အခုလို လုပ်ဆောင်နိုင်မှသာ ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းထဲကို အချိန်မီ ရောက်ရှိနိုင်မှာဖြစ်ပြီး အသက်အန္တရာယ် ဆုံးရှုံးမှုတွေကိုလည်း ကာကွယ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တက်ကြွလှုပ်ရှားသူတယောက်က “ရခိုင်မှာက အင်တာနက်လိုင်းက အကုန်လုံးမှာ မရဘူး။ ဖုန်းလိုင်း တွေလည်း မရဘူး။ မရဘူးဆိုတော့ သက်ဆိုင်ရာ အင်တာနက်လိုင်းရှိတဲ့ လူတွေက နေပြီးတော့ နည်းပညာအရပေါ့နော် အချက်ပြစနစ်တခုကို စင်တာတခုအနေနဲ့ ထားရမှာပေါ့။ အဲဒီက တဆင့် ရပ်ကွက်လိုက်၊ အုပ်စုလိုက်၊ မြို့နယ်လိုက် အဲဒီနေရာတွေမှာလည်း အချက်ပြစနစ်တွေ သတ်မှတ် ထားတာ ရှိရမှာပါ။ လေကြောင်းအန္တရာယ်လာတာနဲ့ အကုန်လုံးက တပြေးညီထားပြီးတော့ အချက်ပြ စနစ်တွေ ပြရမယ်။ ပြီးမှ ပြည်သူလူထုကလည်း အဲလိုလုပ်တဲ့နေရာမှာ ပူးပေါင်းပါဝင် ရမှာပေါ့” လို့ ပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းရန်ဟာ ရခိုင်ပြည်သူတွေအတွက် နေ့စဉ်ရင်ဆိုင်နေရတဲ့ အသက်ဘေး အန္တရာယ်ဖြစ်တာကြောင့် အာရက္ခတပ်တော်အနေနဲ့ မြေပြင်မှာ လက်တွေ့အသုံးချနိုင်မဲ့ လေကြောင်း အချက်ပေးစနစ်တွေကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ဒေသခံတွေက မျှော်လင့်နေကြပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013