DVB Logo
Home
မြန်မာသတင်း
လေကြောင်းအန္တရာယ်ကြောင့် ရခိုင်ပြည်နယ်၌ စာသင်ကျောင်း ရာနှင့်ချီ ပိတ်ထားရ
DVB
·
October 21, 2026
Photo: လင်းရောင်ခြည် ဖောင်ဒေးရှင်း
Photo: လင်းရောင်ခြည် ဖောင်ဒေးရှင်း
Donate to DVB

စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဝီရဌာနေ(ပေါက်တော) နဲ့ ကျောက်တော်မြို့နယ်တို့က ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေကို ယာယီပိတ်ထားရတယ်လို့ ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာလကတည်းက စစ်တွေစစ်မျက်နှာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဝီရဌာနေ(ပေါက်တော) နဲ့ ကျောက်တော်မြို့နယ်တို့ကို နေ့တိုင်းလိုလို လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရသလို ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်က ကျောင်းဆရာတယောက်က “ကျောင်းတွေ ပိတ်ထားရတာ ၃ ပတ်လောက်ရှိပြီ။ အဓိကတော့ လေကြောင်းအန္တရာယ်က အချိန်ပြည့် ရှိနေတာကြောင့် ယာယီပိတ်ထားကြရတာ။ နိုဝင်ဘာလအထိ ပိတ်ထားရမဲ့သဘောရှိတယ်။ ပုဏ္ဏားကျွန်းမှာ မြို့နယ်တခုလုံး မဟုတ်ပေမဲ့ စစ်တွေနဲ့နီးတဲ့ ရွာတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတဲ့ ကားလမ်းမတလျှောက်က စာသင်ကျောင်းတွေ အားလုံးပိတ်ထားရတယ်” လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာ လေကြောင်းအန္တရာယ်ကြောင့် ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းပေါင်း အနည်းဆုံး ၆၀ နီးပါးခန့် ရှိတယ်လို့လည်း ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၂၀ ကျော်နဲ့ စစ်ဘေးရှောင်စခန်းတွေက ထောင်နဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာတွေကို တိမ်းရှောင်နေကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်နဲ့ တဖက်ကမ်းဖြစ်တဲ့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်းနဲ့ ရသေ့တောင်မြို့နယ်အနီးက ရွာတွေမှာလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကို စာသင်ကျောင်းတွေကို ပိတ်ထားကြပြီး ကလေးတွေကို အိမ်တွေမှာပဲ ထားကြရတယ်လို့ ရသေ့တောင်မြို့နယ် မိုးစဲကျွန်း ဒေသခံတွေက ပြောပါတယ်။

မိုးစဲကျွန်းဒေသခံ အမျိုးသမီးတယောက်က “ကျမတို့ကျွန်းက စစ်တွေနဲ့‌ အနီးကပ်မှာ ရှိနေတာကြောင့် လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေနဲ့ မကြာခဏရှိနေတော့ လေကြောင်းအန္တရာယ်တွေ စိုးရိမ်ပြီး ကျောင်းတွေ အားလုံးပိတ်ထားရတယ်။ အဓိကတော့ စက်တင်ဘာကတည်းက လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလုပ်လာလို့ ကျောင်းတွေကို ပိတ်ထားရတာ။ ကလေးတွေရဲ့ ပညာရေးအတွက် ဆုံးရှုံးမှုတွေ ရှိကြတယ် ဆိုပေမဲ့လည်း အခုကာလမှာ အသက်ထက် အရေးကြီးတာ မရှိတာကြောင့် မိဘတွေကလည်း ကျောင်းကို မပို့ရဲကြတော့ဘူး” လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ် မိုးစဲကျွန်းမှာ ကျေးရွာ ၂၄ ရွာခန့်ရှိပြီး ကျေးရွာတိုင်းမှာ စာသင်ကျောင်းတွေကို ယာယီပိတ်ထားကြရသလို စစ်အာဏာရှင်တပ် လေကြောင်းတိုက်ခိုက်မှု ပြလုပ်နေတဲ့ ရသေ့တောင်မြို့အနီးက ကျေးရွာ ၁၀ ရွာထက်မနည်းမှာလည်း စာသင်ကျောင်းတွေ ပိတ်ထားကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ စစ်အာဏာရှင်တပ်ရဲ့ ကမ်းတက်တိုက်ပွဲတွေကြောင့် တိုက်ပွဲတွေ ပြင်းထန်နေကြတဲ့ ဝီရဌာနေ (ပေါက်တော) မြို့နယ်မှာ စစ်တွေနဲ့ တဖက်ကမ်းက ကျေးရွာတွေဟာ စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်တွေကြောင့် စစ်ဘေးတိမ်းရှောင်နေကြရတဲ့အတွက် စာသင်ကျောင်းတွေကို ပိတ်ထားကြရတယ်လို့လည်း ပေါက်တောမြို့နယ်က ကျောင်းဆရာတယောက်က ပြောပါတယ်။

“စစ်တွေ တဖက်ကမ်း ငပြီကျွန်းမှာ တိုက်ပွဲတွေနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရေတပ် နေဗီတွေက လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လုံခြုံမှုမရှိလို့ စစ်တွေနဲ့နီးတဲ့ ရွာတွေဆို စစ်ဘေးရှောင်နေကြရတယ်။ ကျောင်းတွေလည်း ပိတ်ထားကြရတယ်။ တောင်ရင်းကျွန်း၊ မြေငူကျွန်းနဲ့ အလယ်ဖရုံကာကျွန်းတွေက စာသင်ကျောင်းတွေကို အဓိက ပိတ်ထားကြရတာ။”

တောင်ရင်းကျွန်း၊ အလယ်ဖရုံကာကျွန်းနဲ့ မြေငူကျွန်းတွေမှာ ကျေးရွာပေါင်း ၈၀ နီးပါးခန့်ရှိပြီး အဲဒီကျေးရွာတွေက စာသင်ကျောင်းပေါင်း အနည်းဆုံး ၆၀ ကျော်ဟာ ယာယီပိတ်ထားကြရတယ် လို့လည်း ဒေသခံ ပညာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၀ ရက် ညကလည်း ဝီရဌာနေ(ပေါက်တော) မြို့နဲ့ တောင်ရင်းကျွန်းက ကျွေးရွာတချို့ကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်နေကြတဲ့ ကျောက်တော်မြို့ပေါ်မှာလည်း ကျောင်းတွေကို စက်တင်ဘာ ၂၈ ရက် အိန္ဒိယဈေး ဗုံးကြဲခံရကတည်းက ပိတ်ထားကြရတာဖြစ်ပြီး နယ်ဘက်တွေမှာတော့ ဖွင့်ထားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆုံးရှုံးမြို့နယ်တွေကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်နေပေမဲ့ စစ်ရေးအရ အထိနာနေတာကြောင့် စစ်ရေးနဲ့မဆိုင်တဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေဟာလည်း နေ့တိုင်းလိုလို မြင့်တက်လာနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013