
စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ရခိုင်ဒေသဟာ ဘက်ပေါင်းစုံက ဆင်းရဲမွဲတေမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး အသက်ရှင်ရပ်တည်နိုင်ဖို့အတွက်တောင် ခက်ခဲစွာ ရုန်းကန်လာနေကြရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်ဘက်စွန်းမှာရှိတဲ့ ရခိုင်ပြည်နယ်ဟာ လက်ရှိမှာ ဘက်ပေါင်းစုံက ဆင်းရဲမွဲတေမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ဆိုပါတယ်။
UNDP ရဲ့ “ချို့တဲ့မှု အလွှာများ - မြန်မာနိုင်ငံက ဘက်ပေါင်းစုံ ဆင်းရဲမွဲတေမှု” “Layers of Deprivation: Multidimensional Poverty in Myanmar” အစီရင်ခံစာသစ်အရ ရခိုင်ပြည်နယ်က လူဦးရေ ၁ ဒသမ ၆၆ သန်းကျော် (၆၈ ဒသမ ၄ ရာခိုင်နှုန်း) ဟာ ဘက်ပေါင်းစုံက ဆင်းရဲနွမ်းပါးမှုကို ကြုံတွေ့နေရတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ရခိုင်ဒေသဟာ ဆင်းရဲနွမ်းပါးမှုကို တိုင်းတာတဲ့ အညွှန်းကိန်း MPI ရမှတ် ၀ ဒသမ ၃၄၂ နဲ့ တနိုင်ငံလုံးမှာ အမြင့်ဆုံးဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခ ကာလကြာရှည်လာတာ၊ အလုပ်အကိုင် ရှားပါးလာတာ၊ အိုးအိမ်စွန့်ခွာရမှု ပိုများလာနေတာနဲ့ သွားလာခွင့် ကန့်သတ်ခံနေရကာ စီးပွားရေးလုပ်ငန်းတွေ ရပ်တန့်တာတွေကြောင့် ပြည်သူတွေ ပိုကျပ်တည်းလာကြပြီး ဆင်းရဲနွမ်းပါးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေကြရတာပါ။
အခုလို အခြေအနေတွေကြောင့် စစ်ဘေးရှောင်တွေသာမက သာမန်ပြည်သူတွေမှာပါ အသက်ရှင် ရပ်တည်နိုင်ဖို့အတွက်တောင် ခက်ခဲစွာ ရုန်းကန်လာနေကြရပါတယ်။
အသက် ၂၀ ကျော်အရွယ် ရခိုင်ဒေသခံ အမျိုးသမီးတယောက်ကလည်း သူမရဲ့ ၂ သိန်းဝန်းကျင်သာ ရရှိတဲ့ လစာနဲ့ မိသားစု စားဝတ်နေရေး မလောက်ငတဲ့အပြင် အကြွေးတွေပါ တင်နေပြီး ခက်ခဲနေတဲ့ ဘဝကို ရင်ဖွင့်ပြပါတယ်။
“ဖေဖေလည်း မရှိတော့ဘူး၊ မေမေလည်း အခု နေမကောင်းတော့ အလုပ်လည်း မလုပ်နိုင်ဘူး၊ ဒါကြောင့် ပိုက်ဆံဝင်ငွေကလည်း မရှိ၊ အခုဆို ပိုဆိုး၊ အကြွေးတွေ များလာတာနဲ့အမျှ အကြွေးပူတွေမိပြီး ရူးချင်စိတ်ကို ပေါက်တယ်။ အကြွေးပေါ် အကြွေးဆင့်လာတာကို ဘယ်လိုဖြေရှင်းရမလဲတောင် မသိတော့ဘူး။ ကိုယ်ကိုယ်တိုင်လည်း တခုမှ မထောက်ပံ့နိုင်ဘူး။ အဆင်မှမပြေတာ။ ခုတောင် ငိုချမိတော့မယ် ထင်ပါတယ်။ စစ်ပွဲနဲ့လည်း ဆိုင်မှာပေါ့။ လုပ်စားစရာမှမရှိတာ။ လုပ်ရင်း ရှုံးရင်း အကြွေးတင်ရင်းနဲ့ပေါ့။”
ဝင်ငွေမလုံလောက်မှု တခုတည်းကို တိုင်းတာတာမဟုတ်ဘဲ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ နေထိုင်ရေး စတဲ့ အခြေခံလူနေမှုဘဝ လိုအပ်ချက်တွေမှာ ချို့တဲ့နေတာကို ဘက်ပေါင်းစုံမှ ဆင်းရဲနွမ်းပါးမှုလို့ ခေါ်ဆိုတာပါ။
အလားတူ စစ်ရှောင်အရေး ကူညီပေးနေတဲ့ Triple-T အဖွဲ့ တည်ထောင်သူ ကိုဗစ်တာ ကလည်း ပဋိပက္ခ၊ ကန့်သတ်မှုနဲ့ သဘာဝဘေးအန္တရာယ်ကြားထဲမှာ စစ်ရှောင်တွေဟာ အသက်ရှင်ဖို့အတွက်တောင် မနည်းရုန်းကန်နေရပြီး လာမဲ့နှစ်တွေမှာ ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ပါတယ်။
“လက်ရှိ ရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေးပဋိပက္ခတွေ တခြားသော ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေ၊ သဘာဝဘေးအန္တရာယ်တွေပါ ထပ်ပေါင်းလိုက်မယ်ဆိုရင် ကျနော်တို့ မြေပြင်မှာ ကြုံတွေ့နေရတဲ့ အနေအထားက အသက်ရှင်ဖို့အတွက်တောင် တော်တော့်ကို ရုန်းကန်နေရတဲ့ အနေအထားပါ။ တဖက်မှာကလည်း ဒီကန့်သတ်မှုတွေ၊ ပိတ်ပင်မှုတွေ၊ ကုန်စည်စီးဆင်းမှုတွေကလည်း ဆက်လက်ရှိနေတဲ့အခါကျတော့ ဒီအခြေအနေထက် ပိုပြီးတော့မှ ဆိုးလာနိုင်တဲ့ အနေအထားမျိုးလို့တော့ ကျနော်တို့ သုံးသပ်လို့ရပါတယ်။ လက်ရှိအနေအထားမှာ ကျနော်တို့ စစ်ပွဲတွေကလည်း ကြာလာတယ်။ နိုင်ငံတကာ အကူအညီတွေကလည်း ယုတ်လျော့လာတယ်။ နောက် ဒီ ပြည်သူအချင်းချင်း ကူညီကြတဲ့ ထည့်ဝင်မှုတွေကလည်း တဖြည်းဖြည်း လျော့ပါးလာတဲ့ အနေအထားမှာ တော်တော်ကို ခက်ခဲနေတဲ့ အနေအထားရှိတယ်လို့ ပြောလို့ရပါတယ်ဗျ။”
ဒါကြောင့် လူမှုအသိုက်အဝန်း ပြန်လည်ထူထောင်ရေးဟာ ပဋိပက္ခ ပြီးဆုံးချိန်အထိ စောင့်ဆိုင်းလို့ မရဘဲ အသက်မွေးဝမ်းကျောင်း၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒေသတွင်း ဈေးကွက်တွေနဲ့ အခြေခံဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံတာဟာ နာလန်ထူဖို့အတွက် အရေးပါနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂက အကြံပြုထားပါတယ်။











