DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်သူများ စစ်ဘေးဒဏ်၊ ရေဘေးဒဏ် ၂ ထပ်ကွမ်း ခံစားနေကြရ 
မြတ်သဇင်
·
July 12, 2026
Photo: Wai Hun Aung
Photo: Wai Hun Aung
Donate to DVB

ရခိုင်ပြည်နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့နယ် ၈ ခုထက်မနည်းမှာ ရွာလုံးကျွတ် ရေမြုပ်တာ၊ လမ်းတံတားတွေ ပျက်စီးတာ၊ ရေကြီးရေလျှံတာတွေ အပြင်းအထန် ဖြစ်ပေါ်နေပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ဘေးဒဏ်ရော၊ ရေဘေးဒဏ်ပါ နှစ်ထပ်ကွမ်း ခံစားနေကြရပါတယ်။

ဇူလိုင်လ ၄ ရက်နေ့ကစပြီး မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ မောင်တော၊ ဘူးသီးတောင်နဲ့ ပလက်ဝမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

ရခိုင်ဒေသခံတယောက်ကတော့ ကျောက်တော်နဲ့ မြောက်ဦး အဝေးပြေးလမ်းမဘေးနားက ရွာတွေဟာ အကုန်လုံးနစ်မြုပ်နေပြီလို့ ဆိုပါတယ်။ ရေးစီးလည်း ကြမ်းလွန်းတာကြောင့် ယာဉ်တွေ သွားလာရလည်း ခက်ခဲတယ်လို့ အခြေအနေတွေကို ပြောပါတယ်။ 

“အဝေးပြေးလမ်းမတလျှောက်မှာ လမ်းတွေရေမြုပ်နေတဲ့အတွက် ယာဥ်တွေသွားလာရတာမှာ အတော်လေးကို အခက်ခဲဖြစ်နေကြပါတယ်။ ရေစီးကလည်း ပြင်းတော့ သွားရတာက အတော်လေးကို ခက်ခဲပါတယ်။ ပြီးတေ့ာ ကျောက်တလုံးဘက်မှာဆိုရင် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့အထဲမှာ ၁၅၀ လောက်ကိုရေမြုပ်နေပါပြီ။ စပါးဆိပ် (သရီ) တို့ဘက်မှာဆိုရင်လည်း ရေမမြုပ်သေးတာ ၃၊ ၄ အိမ်လောက်ပဲကျန်တယ်။ ပြီးတေ့ာ ရေကလည်း မနေ့ ဇူလိုင်လ ၁၀ ရက်နေ့ထက် ဒီနေ့မှာမလျော့ပဲ ပိုများလာတာကိုတွေ့ရတယ်။” 

ဒီလို ရေဘေးသင့်ပြည်သူတွေကို ရခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခ တပ်တော် (ULA/AA) နဲ့ လူမှုကူညီကယ်ဆယ်ရေး အသင်းအဖွဲ့တွေက ကူညီကယ်ဆယ်ရေးနဲ့ ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာထောက်ပံ့တာတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်က ရေဘေးသင့်နေတဲ့ မြို့နယ်တွေထဲ စစ်ဘေးရှောင်စခန်းတချို့လည်း ပါဝင်နေပါတယ်။

မြောက်ဦးက စစ်ဘေးရှောင်စခန်းတခုဆိုရင် အကူအညီလိုအပ်ချက်တွေ ရှိနေတယ်လို့ ရခိုင်ပြည်နယ်မှာ စစ်ရှောင်တွေကို ကူညီထောက်ပံ့မှုတွေ လုပ်နေတဲ့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။ 

“အဓိက စခန်းတခုကို ထုတ်ပြပါဆိုရင် ကျနော် အခုလေးတင် ပြန်ရောက်သေးတယ်ဗျ။ အဲဒီစခန်းမှာက အိမ်ထောင်စု ၇၈ စုလောက်ရှိမယ်။ ပြီးရင် လူဦးရေက ၂၇၅ ဦး ခိုလှုံတဲ့နေရာဗျ။ အဲ့နေရာက မြောက်ဦးမြို့နယ်ထဲမှာ ပါပါတယ်။ သူတို့ကတော့ စစ်ပြေးရှောင်ရတာနဲ့ ရေဘေးနဲ့ ပေါင်းကျသွားတော့ နှစ်ထပ်ကွမ်း ခံလိုက်ရတာပေါ့။ တော်တော်လေးတော့ ဒုက္ခများတယ်ဗျ။ လတ်တလော လိုအပ်တာက စားရေးသောက်ရေးက အရေးပေါ် လိုအပ်နေတယ်။ ပြီးရင် အမိုးအကာက လိုအပ်နေတယ်ဗျ။ နောက်တခုအနေနဲ့ ဆေးဝါးလိုအပ်ချက်ရှိတယ်။ သူသက်ကြီးပိုင်းတွေနဲ့ နာတာရှည်သမားတွေအတွက် ဆေးဝါးလည်း တော်တော် အရေးကြီးတဲ့အပိုင်းထဲမှာ ပါတဲ့ဟာကို မြေပြင်မှာသွားရင်းနဲ့ ကျနော် တွေ့ခဲ့ရတယ်။” 

ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်တော်မြို့နယ်က ရေဘေးသင့်နေရာတွေကို ကူညီကယ်ဆယ်‌ရေးတွေ၊ စားနပ်ရိက္ခာ၊ ‌ဆေးဝါး‌‌‌‌တွေ ကူညီပေးနေတဲ့ ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံးက‌တော့ ကူညီကယ်ဆယ်ရေးလုပ်ချိန်မှာ စိန်‌‌ခေါ်မှုတွေ ရှိ‌နေတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျွန်းလူငယ်များအစည်းရုံးမှ ပရဟိတလူငယ်တယောက်က”  “ဘယ်လိုစိန်ခေါ်မှုတွေရှိလဲ ဆိုတော့ အဓိကစိန်ခေါ်မှုတွေကတော့ အဓိက ကျနော်တို့ စေတနာ့ဝန်ထမ်း နည်းပါးတာရယ်၊ နောက်ပြီးတော့ ကျနော်တို့ စေတနာ့ဝန်ထမ်းတွေ ကူညီကယ်ဆယ်လုပ်တဲ့ နေရာမှာ အသက်ကယ် အင်္ကျီတွေ မလုံလောက်တာရယ်။ နောက်ပြီး အသက်ကယ်လှေတွေပေါ့၊ အဲ့ဒါတွေ လိုအပ်တာပေါ့။ အဓိက ကျနော်တို့ လုပ်တဲ့နေရာမှာ အဲ့ဒီဟာက အဓိကကျတော့ ကျနော်တို့မှာ မရှိဘူးပေါ့။ အဲ့ဒါတွေက ပိုပြီး စိန်ခေါ်မှုတရပ်ဖြစ်နေပါတယ်။”

လက်ရှိမှာ ရေကြီးမှုကြောင့် လမ်းတံတားတွေ ပျက်စီးပြီး ရေစီးနဲ့ မျောပါသွားတာ၊ ကမ်းပြိုတာတွေကြောင့် သွားလာရေးတွေလည်း ခက်ခဲနေပြီး ထောင်နဲ့ချီတဲ့ ဒေသခံတွေ အရေးပေါ်ရွှေ့ပြောင်းနေကြရသလို၊ လယ်ဧက သောင်းနဲ့ချီ နစ်မြုပ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီရေကြီးတဲ့ သဘာဝဘေးအန္တရာယ်ကြောင့် လူ ၃ ယောက် သေဆုံးခဲ့တယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) က ဇူလိုင် ၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ 

ဒီလို ရခိုင်ပြည်နယ်မှာ ရေဘေးသင့်နေချိန် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဓနိကျေးရွာအုပ်စု၊ ကုလားချောင်းကျေးရွာကို အာဏာသိမ်း စစ်အုပ်စုက ဇူလိုင် ၁၀ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၄ ယောက် သေဆုံးခဲ့ရပြီး ၂ ယောက်က ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013