DVB Logo
Home
မြန်မာသတင်း
ARSA နှင့် ရိုဟင်ဂျာလက်နက်ကိုင်များ သတ်ဖြတ်မှုကြောင့် ရခိုင်ပြည်သူ ၁၆၀ ကျော် သေဆုံး
ကေခိုင်
·
May 25, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်အတွင်း ARSA အပါအဝင် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် ၂ နှစ်ကျော်အတွင်းမှာ အရပ်သားပြည်သူ ၁၆၂ ယောက် သေဆုံးခဲ့ရပြီး ၂၂ ယောက် ဒဏ်ရာရကာ လူပေါင်း ၃၀ လောက် ပျောက်ဆုံးနေတယ်လို့ အာရက္ခတပ်တော် (AA) ထုတ်ပြန်ချက်အရ သိရတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီအထိ ၂ နှစ်ကျော်ကာလအတွင်း ရိုဟင်ဂျာလက်နက်ကိုင်တွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းရေးရုံး (HDCO) ရဲ့ စစ်တမ်းမှာ ဖော်ပြထားတာပါ။

သေဆုံးသူတွေထဲမှာ ရခိုင်လူမျိုး ၁၃၇ ယောက်နဲ့ အများဆုံးဖြစ်ပြီး မွတ်ဆလင်၊ ဟိန္ဒူ၊ ခမီ၊ မြိုနဲ့ ဒိုင်းနက် စတဲ့ တိုင်းရင်းသားတွေ ပါဝင်နေတာပါ။

ကျူးလွန်ခံရတဲ့ ပုံစံတွေကတော့ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ ခရီးသွားလာတုန်း ပစ်သတ်တာတွေအထိ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်စပ်တလျှောက် ဒေသခံပြည်သူတွေမှာ အသက်အိုးအိမ် စည်းစိမ်များစွာ ဆုံးရှုံးနေရတဲ့အပြင် နေ့စဉ် စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေကြရတာပါ။

မောင်တောဒေသခံတယောက်ကတော့ စီးပွားရေးလုပ်ငန်းတွေနဲ့ ခရီးသွားလာရေးမှာ အသက်အန္တရာယ်ကို ရင်းပြီး သွားလာနေရတဲ့ အခြေအနေကို ရင်ဖွင့်ထားပါတယ်။

“အဲဒီအကြမ်းဖက်အဖွဲ့က အမြဲတမ်းလိုလို ဒုက္ခပေးတာ ကြာပြီဆိုတော့ အဓိကတော့ မောင်တောမြောက်ပိုင်းပေါ့နော်၊ အဲဒီဘက်ကို စီးပွားရေး ကူးသန်းရောင်းဝယ်ရေးကိစ္စတွေ သွားလာဖို့အတွက် အရမ်းအခက်အခဲတွေ ဖြစ်တာပေါ့။ အဲဒါကြောင့် ခရီးထွက်တာတို့ကျတော့ အရမ်းသတိထားပြီးတော့မှ သွားနေရတယ်။ အဓိက လုံခြုံမှုကင်းမဲ့အောင်ပေါ့နော်၊ အမြဲတမ်းလိုလို ဒုက္ခပေးတယ်။ ပြီးတော့ သတ်ဖြတ်တယ်။ အဲဒီလိုမျိုးတွေ လုပ်နေကြတာဆိုတော့ ဒီ တိုင်းရင်းသား ပြည်သူတွေရဲ့ အကျိုးစီးပွားတွေကိုလည်း ထိခိုက်တယ်။ အသက်အန္တရာယ်တွေလည်း စိုးရိမ်ရတာပေါ့။ အဲဒီလိုမျိုးတွေ မရှိဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရဘက်ကလည်း သူတို့ကို ရှင်းပေးရမယ်၊ ဖော်ထုတ်ရမယ်။ ပြီးတော့မှ ကျနော်တို့ ဒီဘက်က အာရက္ခပြည်သူ့အစိုးရကလည်း စုံစမ်းဖော်ထုတ်ပြီးတော့မှ အမြစ်ပြတ်ကို ရှင်းလင်းပေးဖို့လိုတယ်။”

တဖက်မှာလည်း Fortify Rights အဖွဲ့က ရိုဟင်ဂျာလက်နက်ကိုင် ARSA အဖွဲ့ခေါင်းဆောင် အာတာအူလာကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) ကို ပြီးခဲ့တဲ့ မေ ၂၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

ARSA ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင်တွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေ ကျူးလွန်ထားတာနဲ့ ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်ပေးဖို့ Fortify Rights အပါအဝင် တခြား ရိုဟင်ဂျာ အဖွဲ့အစည်းတွေကလည်း ICC ကို တိုက်တွန်းထားတာပါ။

ARSA အဖွဲ့ခေါင်း‌ဆောင် အာတာအူလာကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ၂၀၂၅ ခုနှစ်၊ မတ် ၁၈ ရက်မှာ ဖမ်းဆီးခဲ့ပြီးနောက် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ထိရောက်စွာ ပြစ်ဒဏ်ချမှတ်တာမျိုး မရှိဘဲ ပြန်လည်လွတ်မြောက်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ဒေသတွင်း လူမှုကူညီရေးဆောင်ရွက်နေသူ ဆရာဝေဟင်အောင်ကလည်း ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မတည်ငြိမ်မှုတွေရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ ARSA အဖွဲ့ကို ထိရောက်စွာ အရေးယူပေးဖို့ တိုက်တွန်းထားပါတယ်။

“သူတို့ကြောင့် ၂၀၁၇ တုန်းက အဲဒီဒေသမှာ နေခဲ့တဲ့ မွတ်စလင်တွေရယ်၊ ပြီးတော့ ဒေသခံတွေ ဖြစ်တဲ့ ဒီ ရခိုင်၊ ချင်း၊ မြို၊ သက်၊ ဒိုင်းနက်တို့ ဒီ တိုင်းရင်းသားတို့ဟာ တော်တော်လေး ဒုက္ခရောက်ခဲ့တယ်။ ကျေးရွာပေါင်း မြောက်မြားစွာ ပျက်စီးဆုံးရှုံးခဲ့တယ်။ ရခိုင်ဒေသကို ဒီ ARSA အဖွဲ့ ဝင်လာကတည်းက စပြီးတော့ ရခိုင်ဒေသဟာ ဘာသာရေးကို အခြေခံပြီးတော့ လူမျိုးရေးကို အခြေခံပြီးတော့ ပြဿနာဟာ တော်တော်ကြီးကြီးမားမား ဖြစ်ခဲ့တဲ့ အဖွဲ့အစည်းတရပ် ဖြစ်တယ်။ သူတို့ အရေးယူ နောက်ကျခဲ့တဲ့အတွက် အခုလက်ရှိ မောင်တောဒေသဟာ မတည်မငြိမ်တဲ့ အခန်းကဏ္ဍ ဖြစ်နေတယ်။ ဒီ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်နယ်စပ်ဟာ နှစ်နိုင်ငံကြား မတည်ငြိမ်မှုတွေ ဖြစ်တဲ့ အကြောင်းရင်းတွေထဲမှာ ARSA ဟာ အဓိကဇာတ်ကောင်တကောင် ဖြစ်နေတဲ့အတွက် သူတို့ကို အရေးယူဖို့ အမှန်တကယ် လိုအပ်တယ်ဗျ။”

ဒါ့အပြင် ARSA အဖွဲ့ဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ရာဇဝတ်မှုတွေကို ဆက်ကျူးလွန်နေပြီး တရားမျှတမှု မဖော်ဆောင်နိုင်ပါက အကြမ်းဖက်မှုသံသရာ ပိုမိုနက်ရှိုင်းလာမှာ ဖြစ်တယ်လို့ Fortify Rights က သတိပေးထားပါတယ်။

ရခိုင့်နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်ကတော့ ခေါင်းဆောင်တယောက်တည်းကို ဖမ်းဆီးရုံနဲ့ မလုံလောက်ဘဲ အဖွဲ့ရဲ့ ငွေကြေးလမ်းကြောင်းနဲ့ လှုပ်ရှားမှုတွေကိုပါ ပြတ်ပြတ်သားသား ပိတ်ဆို့နှိမ်နင်းဖို့ လိုအပ်နေပြီလို့ ထောက်ပြထားပါတယ်။

“Fortify Right ရဲ့ တောင်းဆိုချက်ဟာ နိုင်ငံတကာရဲ့ လူ့အခွင့်အရေးစံနှုန်းကို ဖော်ပြနေတာဖြစ်လို့ အရပ်သား ပြည်သူတွေအပေါ် ကျူးလွန်တဲ့ ဘယ်လို ရာဇဝတ်မှုကိုမဆို အရေးယူဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ခေါင်းဆောင်တယောက်တည်းကို အရေးယူရုံနဲ့ မလုံလောက်ပါဘူး။ ပကတိ အနေအထားအရ အာရက္ခ ပြည်သူ့တော်လှန်ရေးအစိုးရ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နိုင်ငံတကာတို့ ပူးပေါင်းပြီး ဒီအဖွဲ့တွေရဲ့ နေ့စဉ် ဖြတ်ကျော် လှုပ်ရှားမှုနဲ့ ငွေကြေးလမ်းကြောင်းတွေကို ပြတ်ပြတ်သားသား ပိတ်ဆို့ နှိမ်နင်းရပါမယ်။ အကြမ်းဖက်ဝါဒကို ပယ်ဖျက်ပြီး ဒေသခံ ပြည်သူအားလုံး ဘေးကင်း လုံခြုံစွာ ယှဉ်တွဲနေထိုင်နိုင်မဲ့ ရေရှည် နိုင်ငံရေးဖြေရှင်းချက်ကို ကျနော်တို့ အလေးအနက် ရှေးရှုရမှာ ဖြစ်ပါတယ်။”

လက်ရှိမှာလည်း ARSA အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက လူငယ်တွေကို အဓမ္မ လူသစ်စုဆောင်းနေသလို တိုက်ပွဲတွေအတွင်းမှာလည်း စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် နှစ်နိုင်ငံနယ်စပ်တလျှောက် ဒေသခံတွေမှာ နေ့စဉ် အကြောက်တရားနဲ့ ရှင်သန်နေထိုင်နေကြရပြီး ဒီအကြမ်းဖက်မှုတွေကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်နေကြပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013