DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေးနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂတွင် ပြောကြား
DVB
·
September 29, 2025
မြန်မာ့အရေးနှင့်ပတ်သက်ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂတွင် ပြောကြား
Donate to DVB

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အများယုံကြည်မှု ပြန်လည်ရရှိရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေ အရှိန်မြှင့်လုပ်ဆောင်နိုင်ဖို့ အာဆီယံကို မလေးရှားက တိုက်တွန်းလိုက်တဲ့အကြောင်း The Sun Malaysia သတင်းစာမှာ စက်တင်ဘာ ၂၈ ရက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ စနေနေ့မှာ ကျင်းပတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က မိန့်ခွန်းပြောကြားရာမှာ ခုလို ထည့်သွင်း ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ နယ်မြေတချို့မှာ ပျက်ပြားသွားပြီး အကြမ်းဖက်မှုတွေက အရပ်သားတွေကို ဆက်လက် အန္တရာယ်ပြုနေတာကြောင့် အလွန်စိတ်ပျက်မိတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ အထီးကျန်နိုင်ငံမဟုတ်ဘဲ အာဆီယံဒေသရဲ့ အစိတ်အပိုင်းတခု ဖြစ်တယ် ဆိုတာကို အာဏာရသူတွေက သဘောပေါက်ရမှာ ဖြစ်သလို မြန်မာ့အကျပ်အတည်းအတွက် မြန်မာပိုင်၊ မြန်မာဦးဆောင်တဲ့ ဖြေရှင်းမှုတခုရလာဖို့ ယုံကြည်ချက်ရှိရှိ လက်တွဲ လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေအားလုံးအတွက် တောက်ပပြီး ဘေးကင်းလုံခြုံမှုရှိတဲ့  အနာဂတ်ကို ရရှိလာမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဆီယံအနေနဲ့ ငြိမ်းချမ်းရေး အာမခံဖို့၊ လုံခြုံရေး အားကောင်းစေဖို့၊ စီးပွားရေး ကြံ့ကြံ့ခံနိုင်ရည် မြှင့်တင်ရေးနဲ့ ဒေသတွင်း ရေရှည်တည်တံ့ရေး ပန်းတိုင်တွေကို မြှင့်တင်ရာမှာ ဒေသတွင်း အစုအဖွဲ့တခုအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင် ဆောင်ရွက်သွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောထားသလို အိမ်နီးချင်းနိုင်ငံတွေကြား ပဋိပက္ခတွေနဲ့ လှည့်လည်ခြိမ်းခြောက်လာတဲ့အခါ အာဆီယံဟာ ဘာမှမလုပ်ဘဲ နေလို့မရဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ်၊ ဧပြီလထဲမှာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပတဲ့  အရေးပေါ်အစည်းအဝေးမှာ အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ဘုံသဘောတူညီချက် ၅ ချက် သဘောတူခဲ့ကြတာဖြစ်ပြီး အဆိုပါအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သဘောတူညီချက်တွေထဲမှာတော့ အကြမ်းဖက်မှု အဆုံးသတ်ရေး၊ သက်ဆိုင်သူအားလုံးကြား အပြုသဘောဆောင် တွေ့ဆုံဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့စေဖို့ အာဆီယံ အထူးသံတမန်တဦး ခန့်အပ်ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေး စတာတွေ ပါဝင်နေပြီး လက်ရှိအချိန် စစ်အာဏာသိမ်းကာလ ၄ နှစ်ကျော် ကြာလာခဲ့ချိန်အထိ ဘာတခုမှ အကောင်အထည် မဖော်နိုင်တဲ့အပေါ် ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ နေပြည်တော်သွားမယ့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့  အာဆီယံ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်လည်း ရွှေ့ဆိုင်းလိုက်ရပါတယ်။

Source: The Sun Malaysia

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013