
ရခိုင်ပြည်နယ်၊ သံတွဲမြို့တောင်ဘက် သံတွဲ-ဂွလမ်းက ပဒဲကောရွာ အနောက်ဘက် တောင်ကြောကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၂၈ ရက် ည ၁၂ နာရီကျော်မှာ ဗုံးကြဲပြီး ရေတပ်ကနေလည်း လက်နက်ကြီးနဲ့ ပစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သံတွဲဒေသခံတယောက်က “ပဒဲကောတောင်ကြောကို ကြဲသွားတာ။ ည ၁၂ နာရီ ၁၀ မိနစ်လောက်မှာ ကြဲတာ။ ရွာတွေထဲတော့မကျ၊ တောင်တွေ တောင်တွေထဲတော့ ကျတယ်။ ပဒဲကောတောင်ကြောဆိုတာ ကျောက်ကြီးရွာဘက်” လို့ ပြောပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်တဲ့ ရခိုင်က မြို့နယ် ၁၄ မြို့နယ်ထဲက ၁၀ မြို့မှာ ရွေးကောက်ပွဲ မလုပ်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ပြီးနောက် စာရင်းမှာမပါတဲ့ သံတွဲနဲ့ တောင်ကုတ်မြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်လာတာလို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “ပဒဲကောရွာ အနောက်တောင်ကြောကို ကြဲတာ။ နေဗီကနေလည်း ပစ်တယ်။ လူထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၇ ရက်ကလည်း သံတွဲမြို့၊ အမှတ် ၄ ရပ်ကွက် ညောင်ပင်စျေးကို စစ်ကောင်စီတပ်က ဗုံး ၂ ကြိမ် ကြဲတာကြောင့် အရပ်သားတယောက် သေဆုံးပြီး ကလေးငယ် ၂ ယောက်နဲ့ ကိုယ်ဝန်ဆောင်တယောက် အပါအဝင် ၆ ယောက် ဒဏ်ရာရကာ အိမ် ၈ လုံး ပျက်စီးခဲ့ပါတယ်။
သေဆုံးသွားသူဟာ မောင်ရွှေလေးရွာကနေ စစ်ရှောင်လာတဲ့ အသက် ၄၄ နှစ်အရွယ် ဦးညီညီ ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ အသက် ၆ နှစ်သား မောင်သန့်ဇင်ဖြိုး၊ အသက် ၁၄ နှစ်သား မောင်အောင်သီဟဖြိုး၊ ကိုယ်ဝန်ဆောင်မိခင် ဒေါ်ခင်ခင်ဌေး၊ ဦးထွန်းနေမင်း၊ မချိုချိုဝင်းနဲ့ ဒေါ်မပုလေးတို့ ဖြစ်ပါတယ်။










