DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းက အခြေခံလုပ်သားများ ဝင်ငွေမလောက်မင ရပ်တည်နေရ
DVB
·
September 28, 2025
မြန်မာပြည်တွင်းက အခြေခံလုပ်သားများ ဝင်ငွေမလောက်မင ရပ်တည်နေရ
Donate to DVB

မြန်မာပြည်တွင်းက စက်ရုံအလုပ်ရုံအများစုဟာ အလုပ်သမားတွေကိုပေးတဲ့ အခြေခံလုပ်အားခ နည်းပါးတာ၊ အချိန်ပိုလုပ်မှ လုံလောက်စေမယ့် လုပ်အားခပေးတာမျိုးကြောင့် အခြေခံ အလုပ်သမားတွေဟာ လစဉ် လုပ်ခလစာနဲ့ မလောက်မငှ ရပ်တည်နေရတယ်လို့ ပြောပါတယ်။

စက်ရုံ အလုပ်ရုံတွေက တနင်္လာကနေ သောကြာနေ့အထိ အချိန်ပိုကို ခွင့်ပြုမိန့်ထက် ပိုခိုင်းတာ၊ ပိတ်ရက်တွေမှာ အချိန်ပို ညအထိ ဆင်းခိုင်းတာ၊ နေ့ရောညပါ နားချိန် အနည်းငယ်သာ ရပြီး လုပ်အားခနည်းနည်းနဲ့ အလုပ်သမားတွေကို ခေါင်းပုံ ဖြတ်တာတွေ ရှိတယ်လို့ အလုပ်သမားအ‌ရေး ကူညီပေးသူတွေက ပြောပါတယ်။

အလုပ်သမားအရေး လှုပ်ရှားသူ ကိုစိုင်းယုမောင်က “စက်ရုံအလုပ်ရုံတွေမှာ လုပ်နေတဲ့ အလုပ်သမားတွေရဲ့ လုံခြုံရေးတွေကလည်း တကယ်တမ်းဆိုရင် အာမခံချက် မရှိဘူး။ အဲ့တော့ ကိုယ့်အလုပ်သမားတွေက စက်ရုံအလုပ်ရုံထဲမှာရှိတယ်ဆိုရင် အမြဲတမ်း သတင်းအချက်အလက်တွေကို နားစွင့်နေရမှာပေါ့လေ။ လုပ်ခလစာကအစ ကျနော်တို့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ကုန်ဈေးနှုန်းတွေကလည်း အရမ်း မြင့်တက်လာတာ။ စီးပွားရေး ပိတ်ဆို့မှုတွေက နိုင်ငံတကာပိတ်ဆို့မှုတွေ အများကြီးဖြစ်လာတယ်။ အမေရိကန်က ပိတ်ဆို့လာတယ်။ အခွန်တိုးကောက်မှုတွေ များလာတယ်။ အခွန်တိုးကောက်မှုတွေ များလာတော့ ဒီအလုပ်သမားတွေဆီက ရတဲ့ပိုက်ဆံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အလုပ်သမားတွေကို ပေးရမယ့် ပိုက်ဆံတွေကို ဖြတ်တောက်တာတွေကို နိုင်ငံခြားသားလုပ်ငန်းရှင်တွေက လုပ်နေတာမျိုးတွေ ရှိတာပေါ့။ အဲ့တော့ ဒါတွေကိုလည်း အလုပ်သမားတွေက သိရှိပြီးတော့ အမြဲတမ်း သတင်းတွေကို နားစွင့်နေဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။

ပြည်တွင်းက အလုပ်သမားတွေဟာ တရက်ကို အခြေခံလုပ်အားခ အနည်းဆုံး ငွေကျပ် ၁၀,၀၀၀ အောက်သာရတဲ့အတွက် တလကို မြန်မာငွေကျပ် ၂ သိန်းကနေ ၃ သိန်း ဝန်းကျင်နဲ့ ရပ်တည်နေကြရတာ ဖြစ်ပါတယ်။

ကိုဗစ်ကာလနဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုရှားပါးလာပြီး၊ တလတလ ဝင်ငွေနဲ့ အသုံးစရိတ် လောက်ငှအောင် ရပ်တည်နေရတယ်လို့ ရန်ကုန်မြို့က ပုဂ္ဂလိက ဝန်ထမ်းတယောက်က ပြောပါတယ်။

ရန်ကုန်မြို့က ဝန်ထမ်းတယောက်ဖြစ်တဲ့ ကိုညီက “လက်ရှိကတော့ ပြည်တွင်းမှာ ဟိုတယ် ဝန်ထမ်း လုပ်နေတာပေါ့။ တလကို ဝင်ငွေ ဘယ်လို စီမံခန့်ခွဲလဲဆိုရင် ရတဲ့လစာနဲ့ ဒီမှာတော့ စရိတ်ငြိမ်းပေါ့နော်။ ရတဲ့ လစာကို အိမ်ပို့တာ အနည်းငယ်နဲ့ ဒီမှာ သွားသွားလာလာ အသုံးစရိတ်နဲ့ လည်ပတ်နေရတာပေါ့။ စုမိတဲ့ဘက်တော့ မရောက်ဘူးပေါ့။ လူငယ်တယောက် အနေနဲ့ အိပ်မက်တွေ အနာဂတ်အကြောင်း ပြောရမယ်ရင်တောင် ကိုဗစ် မတိုင်ခင်ကတော့ မျှော်လင့်ထားတာတွေက အများကြီးပေါ့။ ကိုဗစ်တွေရော၊ အာဏာသိမ်းတာရောနဲ့ ဘာအိပ်မက်မှ ဘာအနာဂတ်မှကို မမြင်နိုင်၊ မမျှော်လင့်နိုင်တော့ဘူး။ ဒီလိုလေးပဲ ကြုံသလို ရှေ့ဆက် အဲ့လိုပဲ ဖြစ်သွားတာပေါ့”လို့ ပြောပါတယ်။

ပြည်တွင်းမှာ အခုလို ဝင်ငွေကျပ်တည်းတဲ့ အခြေအနေကြောင့် အခြေခံအလုပ်သမားတွေဟာ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပြည်ပအလုပ်တွေကို ပိုပြီး ရွေးချယ်လာကြတယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက ပြောပါတယ်။

တဖက်မှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြည်တွင်းမှာ လုပ်သား လိုအပ်ချက် ရှိကြောင်း ပြောနေသလို၊ စစ်မှုထမ်းအသက် အကျုံးဝင်တဲ့ အမျိုုးသားတွေ အပါအဝင် ပြည်ပအလုပ်သမား စေလွှတ်တာကို နည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ် ကန့်သတ်ထားပါတယ်။ ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013