DVB Logo
Home
မြန်မာသတင်း
အမေရိကန် စည်းကြပ်ခွန်နှုန်းသစ်ကြောင့် အထည်ချုပ်အလုပ်သမားများ စိုးရိမ်နေ
DVB
·
August 28, 2025
အမေရိကန် စည်းကြပ်ခွန်နှုန်းသစ်ကြောင့် အထည်ချုပ်အလုပ်သမားများ စိုးရိမ်နေ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန်နှုန်းသစ်ကြောင့် မြန်မာ့အထည်ချုပ်၊ အိတ်၊ ဖိနပ်ချုပ်လုပ်တဲ့ လက်ခစားစနစ် (CMP) လုပ်ငန်းတွေအပေါ် ထိခိုက်လာပြီး အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာမှာကို အလုပ်သမားတွေက စိုးရိမ်နေကြပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က Twinkle (Myanmar) အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က လုပ်ငန်းရပ်နားလိုက်ရပါတယ်။ ဒီစက်ရုံဟာ ကျောပိုးအိတ်ချုပ်လုပ်တဲ့ စက်ရုံတခုဖြစ်သလို စက်ရုံအလုပ်သမား ၃၀၀ လောက် လုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး အခုတော့ သူတို့အားလုံး အလုပ်ပြုတ်သွားပါပြီ။

အဲဒီစက်ရုံမှာ လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတယောက်ဖြစ်တဲ့ မစန္ဒာ (အမည်လွှဲ) ကတော့ ကလေးမိခင်တယောက် ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်ရှားပါးလာပြီး အစစအရာရာ ကျပ်တည်းနေတဲ့အချိန်မှာ မစန္ဒာဟာ သူ့မိသားစုကို ရုန်းကန်ရှာဖွေ ကျွေးမွေးနေခဲ့တာပါ။ သူ့အမျိုးသားဖြစ်သူကလည်း အလုပ်မရှိတဲ့အပြင် အမေအိုနဲ့ မောင်ဖြစ်သူတို့ကပါ သူ့ကို မှီခိုနေရပါတယ်။

အခုတော့ မစန္ဒာ လုပ်နေတဲ့ စက်ရုံ ပိတ်လိုက်တဲ့အတွက် သူတို့အရင်က ကျပ်ကျပ်တည်းတည်း ဖြေရှင်းခဲ့ရတဲ့ စားဝတ်နေရေးအတွက်တောင် ရှေ့လျှောက် ဖြေရှင်းနိုင်ဖို့ မသေချာတော့ပါဘူး။  သူ့သမီးမျက်နှာ၊ သူ့ကိုမှီခိုနေတဲ့ မိသားစုမျက်နှာနဲ့ မစန္ဒာတယောက် ခေတ်ကျပ်ထဲမှာ နောက်အလုပ်တခုရှာဖို့ စိုင်းပြင်းနေရပါပြီ။

မစန္ဒာက “ဟုတ်တယ် ပိတ်လိုက်ရတယ်လေ၊ သူတို့က အခွန်ဆောင်ရတာများလို့တဲ့ ပိတ်လိုက်တာ၊ အခွန်တွေ မဆောင်နိုင်တော့လို့။ ၂၃ ရက်နေ့က ပိတ်တာ။ အလုပ်ထပ်လျှောက်ရမှာလေ၊ အခုက အိမ်မှာပဲ။ ပြေတဲ့စက်ရုံ သွားရမှာပေါ့ အစ်မရယ်၊ မပိတ်တဲ့စက်ရုံ သွားရမှာပေါ့” လို့ ပြောပါတယ်။

သူ့ရဲ့လုပ်သက်က ၄ နှစ်ပြည့်ဖို့ ၃ လအလိုဖြစ်ပြီး Twinkle (Myanmar) အထည်ချုပ်စက်ရုံဟာ စက်ရုံပိတ်သိမ်းချိန် သူ့ကို လျော်ကြေး ကျပ် ၁၆ သိန်း ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း အကြွေးတွေ ဆပ်နေရတာကြောင့် လက်ထဲမှာ ငွေကြေးမကျန်တော့ဘဲ အလုပ်အမြန်ရှာတွေ့ဖို့ လိုတယ်လို့လည်း သူကဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြန်မာနိုင်ငံအပေါ် သွင်းကုန်အခွန်နှုန်းထား ၄၀ ရာခိုင်နှုန်း သတ်မှတ်ခဲ့ပြီး ဒီနှုန်းထားဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်တို့ထက် အဆပေါင်းများစွာ မြင့်မားနေပါတယ်။

ISP Myanmar ပြင်ပဆက်သွယ်ဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းက “ကျနော်တို့ဆီကို ချတဲ့ အခွန်က အခုက ၄၀ ရာခိုင်နှုန်း ချထားတယ်။ ၄၀ ရာခိုင်နှုန်းဆိုတာ တော်တော်များတဲ့နှုန်းပါ။ အဲ့တော့ တချို့ အိမ်နီးချင်းနိုင်ငံတွေ ဘာတွေကျတော့ သမ္မတ ထရမ့်ပ်နဲ့ ညှိနိုင်တယ်။ ညှိတဲ့ အခါကျတော့ အခု ထိုင်းတို့ဆိုရင် ၁၉၊ ၂၀ ရာခိုင်နှုန်းပေါ့၊ ဗီယက်နမ်တို့ဆိုရင်လည်း ၁၈ ရာခိုင်နှုန်းလောက် ရှိတယ်။ ရှိတဲ့အခါကျတော့ သူတို့နဲ့ မပြိုင်နိုင်ဘူး ဖြစ်လာတယ်။ ဖြစ်လာတော့ မြန်မာပြည်မှာရှိတဲ့ ခုနက အထည်ချုပ်စက်ရုံတွေက ပိတ်ရတဲ့ အခြေအနေ စိုက်တာပေါ့နော်” လို့ ပြောပါတယ်။

အခုလို အမေရိကန်ရဲ့ စည်းကြပ်ခွန်နှုန်းအသစ်ကြောင့် စက်ရုံတွေပိတ်ပြီး အလုပ်လက်မဲ့ဦးရေတွေ များလာမှာနဲ့ အလုပ်သမားတွေအပေါ် လုပ်အားခေါင်းပုံဖြတ်တာတွေ ပိုပြီး လုပ်လာမှာကိုလည်း အလုပ်သမားတွေက စိုးရိမ်နေကြပါတယ်။

ဧရာဝတီတိုင်းရှိ အထည်ချုပ်စက်ရုံ အလုပ်သမားတယောက်က “မြန်မာနိုင်ငံမှာဗျာ အလုပ်သမား အလုပ်လက်မဲ့ဦးရေ ပိုများလာနိုင်တယ်။ ပြီးတော့ လုပ်အား ညှစ်ထုတ်မှုတွေ ပိုများလာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ရှိနေတဲ့ ပြဿနာက ပုံမှန် အလုပ်ချိန်နဲ့စာရင် နောက်ထပ် အချိန်ပိုအနေနဲ့က ၂ နာရီဆင်းရင် ၁၅ မိနစ်စာ ပေးတာတို့၊ နာရီဝက်စာ ပေးတာတို့၊ ၁ နာရီ ပိုဆင်းရတာတို့၊ နာရီဝက် ပိုဆင်းရတာတို့၊ အဲဒါတွေကို အရင်ကတည်းက နာရီဝက် ၁ နာရီ ပိုဆင်းရတဲ့ အနေအထားမှာ အခွန်တိုးကောက်တဲ့အပေါ်မှာ အလုပ်သမားတွေအပေါ်ကို အထည်အပိုတွေ တားဂတ်တွေတိုးပြီး ကောက်နိုင်တာတို့၊ အဲလိုမျိုး အချိန်ပိုတွေ ပိုဆင်းခိုင်းတာတို့ ဖြစ်လာနိုင်တယ်” လို့ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က မြန်မာအပါအဝင် နိုင်ငံပေါင်း ၉၂ နိုင်ငံအတွက် အခွန် ၁၀ ရာခိုင်နှုန်းကနေ ၄၁ ရာခိုင်နှုန်းအထိ အသီးသီး ပေးဆောင်ဖို့ ဩဂုတ်လက သတ်မှတ်ခဲ့တာပါ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံအပေါ် ၁၀ ကနေ ၂၀ ရာခိုင်နှုန်းပဲ ဖြေလျှော့ကောက်ခံပေးဖို့၊ အပြန်အလှန်အနေနဲ့ အမေရိကန်ပို့ကုန်တွေ အပေါ်မှာလည်း ၀ ကနေ ၁၀ ရာခိုင်နှုန်းပဲ ကောက်ခံမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ အမေရိကန်က မြန်မာအပေါ်ကို ၄၀ ရာခိုင်နှုန်းအထိ ကောက်ခံခဲ့တာပဲ ဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013