
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နန်းခွင်ကျေးရွာမှာ အလယ်တန်းပြ ကျောင်းဆရာမတယောက် သေနတ်ထောက်ပြီး ငွေနဲ့ရွှေဆွဲကြိုးတို့ လုယက်ခံခဲ့ရတယ်လို့ ဖြစ်စဉ်ကိုသိရှိတဲ့သူတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ နန်းခွင် အလယ်တန်းကျောင်းက ဆရာမတယောက်ဟာ နေ့လယ်ပိုင်းကျောင်းဆင်းချိန် နေအိမ်ကိုပြန်လာတဲ့လမ်းမှာ အမျိုးသား ၂ ယောက်က သေနတ်ထောက်ခြိမ်းခြောက်ပြီး ဆိုင်ကယ်တူးဘောက်ထဲ ပါလာတဲ့ ငွေကျပ်သိန်း ၆၀ နဲ့ရွှေဆွဲကြိုး ၁ ကုံးကို လုယက်ယူဆောင်သွားတာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိတဲ့သူတယောက်က “ဆိုင်ကယ်မောင်းလာတဲ့ဆရာမကို အမျိုးသား ၂ ယောက်က ရပ်တန့်ခိုင်းပြီး အနုကြမ်းစီးတာ။ ဆိုင်ကယ်တူးဘောက်ထဲကနေ ပါလာတဲ့ငွေနဲ့ ဆွဲကြိုးကို ယူသွားတာ။ ဆရာမနဲ့အတူ သူ့ကလေးလည်းပါတယ်။ ဆရာမက အသက်အန္တရာယ်ပေးမှာကြောက်တော့ ပေးလိုက်တာ။ အော်ရင်ပစ်သတ်မယ်လို့ ပြောတော့ ကြောက်ကြောက်လန့်လန့်နဲ့ မအော်တာလို့ သိရတယ်” လို့ပြောပါတယ်။
လုယက်သွားတဲ့ အမျိုးသား ၂ ယောက်ဟာ လူငယ်ပိုင်းအရွယ်တွေဖြစ်ပြီး ပြောက်ကျားမိုးကာအင်္ကျီနဲ့ နှာခေါင်းစီးတွေတပ်ဆင်ထားပြီး လူပြတ်တဲ့နေရာမှာ သေနတ်တွေနဲ့ အသင့်စောင့် လုယက်သွားတာလို့ သိရပါတယ်။
တာဝန်ရှိသူတွေနဲ့ နီးစပ်တဲ့သူတယောက်က “ဆရာမရဲ့ကလေးက အသက် ၅ နှစ် ကျော်ကျော်အရွယ်ပါ။ ကလေးက အခုဖြစ်စဉ်ကိုတွေ့ပြီး ကြောက်လန့်နေတယ်။ ဒဏ်ရာရတာမျိုးတော့ ဆရာမရော ကလေးပါ မရှိပါဘူး။ ဆရာမဆွဲကြိုးက ၃ ကျပ်သား ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ သက်ဆိုင်ရာမှာ တိုင်ကြားထားပါတယ်” လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီလက်အောက်ခံ သက်ဆိုင်ရာနယ်မြေရဲစခန်းမှာ တိုင်ကြားထားတာကြောင့် ရဲတွေက အခင်းဖြစ်ပွားတဲ့နေရာကို လာရောက်စစ်ဆေးသွားတယ်လို့ သိရပါတယ်။










