
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စုအတွင်းက စစ်အာဏာရှင်တပ်ဖွဲ့တွေနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ တပ်စွဲလှုပ်ရှားနေတဲ့ ကျေးရွာတချို့မှာ ဒေသခံပြည်သူတွေ ရွာပြင်ထွက်ခွာခွင့် ကန့်သတ်ခံနေရပြီး လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေ စပါးရိတ်သိမ်းတာ၊ ယာလုပ်ငန်းလုပ်ကိုင်တာနဲ့ တခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင်ဖို့ အခက်အခဲရှိနေပြီး ရွာပြင်ကို ထွက်ခွာလိုရင် လက်မှတ်ရေးထိုးရသလို ရွာအတွင်း ပြန်လည်ဝင်ရောက်ချိန်မှာလည်း လက်မှတ်ရေးထိုးရတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ရွာပြင်ထွက်ပြီး စပါးရိတ်လို့ မရဘူး၊ ယာလုပ်ငန်းလည်း လုပ်လို့မရဘူး။ ကိုယ် မွေးထားတဲ့ နွားတွေကိုလည်း ယူချင်သလို ယူနေကြတယ်။ လူတွေကိုလည်း မသင်္ကာဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်နှိပ်စက်တာတွေ ရှိတယ်” လို့ ပြောပါတယ်။
ဆားမှော်ကျေးရွာမှာ စစ်အာဏာရှင်တပ်ရဲ့ အမှတ် ၁၀၅ တပ်ရင်း တပ်စွဲထားပြီး ဆားမှော်ကျေးရွာ အုပ်စုအတွင်းက ကညင်မြိုင်ကျေးရွာမှာ SNA ရှမ်းနီတပ်ဖွဲ့ရဲ့ တပ်မဟာအခြေစိုက်ထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်အာဏာရှင်တပ်ရဲ့ ခမရ ၃၈၃ နဲ့ ၃၈၄ တပ်ရင်းတွေလည်း တပ်စွဲလှုပ်ရှားနေသလို ကညင်မြိုင်ကျေးရွာရဲ့ အရှေ့ဘက်က ထီးချိုင့်ကျေးရွာမှာလည်း စစ်အာဏာရှင်တပ်၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ SNA တို့က ဘုန်းကြီးကျောင်းအတွင်း တပ်စွဲလှုပ်ရှားနေတယ်လို့ သိရပါတယ်။
အဲဒီအဖွဲ့တွေဟာ ဒေသခံတွေကို မူးယစ်ဆေးဝါး သုံးစွဲတယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခေါ်ဆောင်တာ၊ ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်နေပြီး တချို့ဖြစ်စဉ်တွေမှာ သေဆုံးရတဲ့အထိ အကြမ်းဖက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၁ ရက်က ထီးချိုင့်ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်နဲ့ ပူးပေါင်းအဖွဲ့တွေ စစ်ကြောင်းဟာ နန့်ရင်းချောင်းဘက်ကို စစ်ကြောင်းထိုးချိန် လယ်ယာတောထဲက အသက် ၁၄ နှစ်အရွယ် လူငယ်တယောက်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
အဲဒီလူငယ်ဟာ ဖမ်းဆီးခံရချိန်မှာ ရိုက်နှက်ခံခဲ့ရပြီး လက်ရှိအချိန်အထိ အသက်ရှင်နေတာ ရှိ၊ မရှိကို မသိရသေးတဲ့အပြင် တွေ့ဆုံခွင့်လည်း မရရှိသေးဘူးလို့ သိရပါတယ်။
အလားတူ အောက်တိုဘာ ၁၂ ရက်က ကညင်မြိုင်ကျေးရွာမှာ အမျိုးသားတယောက်ကို မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ စွပ်စွဲချက်နဲ့ ခေါ်ယူရိုက်နှက်ခဲ့ပြီး ၃ နာရီလောက် အကြာမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ရိုက်နှက်ခံရမှုကြောင့် ရရှိခဲ့တဲ့ ဒဏ်ရာတွေကို ကုသပေးဖို့ အဲဒီအမျိုးသားရဲ့ ဇနီးက ဆရာဝန် သွားခေါ်နေချိန် ခင်ပွန်းဖြစ်သူဟာ နှိပ်စက်ခံရတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတွေဟာ ကျေးရွာပြင်ပကို လွတ်လပ်စွာ သွားလာလုပ်ကိုင်ခွင့် မရတာကြောင့် လယ်ယာမြေတွေမှာ လုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်လာပြီး ဝင်ငွေရရှိနိုင်တဲ့ အခွင့်အလမ်းတွေလည်း လျော့နည်းလာနေတယ်လို့ ဆိုပါတယ်။
စပါးရိတ်သိမ်းချိန်နဲ့ ယာလုပ်ငန်းတွေ လုပ်ကိုင်ရမဲ့အချိန်မှာ လုပ်ငန်းခွင်ကို သွားရောက်ခွင့် ကန့်သတ်ခံရတာဟာ ဒေသခံတွေရဲ့ စားနပ်ရိက္ခာဖူလုံမှုနဲ့ မိသားစု စားဝတ်နေရေးအပေါ် ခက်ခဲလာနေတယ်လို့ ဆိုပါတယ်။











