
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ စကခ-၅ နားက တပ်ဦးဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတဆောင်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့ တပ်ဦးကျောင်းကို စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်မှာ ဂျက်တိုက်လေယာဉ် တစင်းနဲ့ ပေါင် ၅၀၀ ဗုံးတလုံးကြဲချခဲ့တာလို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။
“အခုဗုံးကြဲခံရတဲ့ကျောင်းက စစ်ကောင်စီတပ်တွေ ကိုးကွယ်ခဲ့တဲ့ ဘုန်းကြီးကျောင်းဖြစ်တယ်။ တောင်ကုတ်တိုက်ပွဲကတည်းက ဆရာတော်က ကျောင်းမှာသီတင်းမသုံးတော့ဘူး။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအထိအခိုက်တော့မရှိဘူး။ ကျောင်းကတော့ တဆောင်လုံး ထိခိုက် ပျက်စီးသွားတယ်။ စစ်တပ်က သူတို့ကိုးကွယ်ခဲ့တဲ့ကျောင်းကို ဘာကြောင့်လာပြီး လေကြောင်းတိုက်ခိုက်ခဲ့တယ်ဆိုတာတော့ မသိဘူး။”
တောင်ကုတ်မြို့ကို အာရက္ခတပ်တော်(AA) က ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ သိမ်းပိုက်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် မြို့ပေါ်ကို စစ်ကောင်စီတပ်က လာရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။
အခုလေကြောင်းတိုက်ခိုက်ခံရတဲ့ ဘုန်းကြီးကျောင်းအနီးမှာ တောင်ကုတ်မြို့ အခြေစိုက် စကခ-၅၊ ခမရ-၅၄၄၊ ခမရ ၃၄၆ တို့ တည်ရှိခဲ့ကြတာလည်း ဖြစ်ပါတယ်။
စက်တင်ဘာ ၁၂ ရက်ကလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာရှိ ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား အယောက် ၂၀ သေဆုံးခဲ့ပြီး ၂၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီက ရခိုင်ပြည်တောင်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ ဂွနဲ့ အမ်းမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရခိုင်နဲ့ ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတိုင်းတို့ကနေ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။










