DVB Logo
Home
မြန်မာသတင်း
ထောက်ပံ့ငွေမရသဖြင့် စစ်တွေက စစ်ရှောင်များ စားဝတ်နေရေး ကျပ်တည်းနေ 
DVB
·
September 26, 2025
ထောက်ပံ့ငွေမရသဖြင့် စစ်တွေက စစ်ရှောင်များ စားဝတ်နေရေး ကျပ်တည်းနေ 
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေရတဲ့  စစ်ဘေးရှောင်  ၇၀၀၀ ကျော်ဟာ စစ်ကောင်စီရဲ့ လစဉ် ထောက်ပံ့ကြေး ကျပ် ၂၀,၀၀၀ မရရှိတော့တာကြောင့် စားဝတ်နေရေး ခက်ခဲကျပ်တည်းနေတယ်လို့  စစ်ရှောင်တွေက ပြောပါတယ်။ 

၂၀၂၄ ခုနှစ် မေလကုန်ပိုင်းကစပြီး စစ်တွေမြို့၊ ဗျိုင်းဖြူရွာ အပါအဝင် ကျေးတော၊ ရွှေပြည်သာ၊ အမြင့်ကျွန်း၊ ရေချမ်းပြင်၊ သင်းပုန်းတန်း၊ ပါဒလိတ်၊ နာရီကန် စတဲ့ ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေကို စစ်တပ်က အတင်းအဓမ္မ နှင်ထုတ်ခဲ့လို့ စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်းတွေမှာ ယာယီခိုလှုံ နေထိုင်နေကြတာဖြစ်ပါတယ်။

စစ်တွေမြို့မှာ စစ်ဘေးရှောင်စခန်း ၅၄ ခု၊ အိမ်ထောင်စု ၂,၁၀၂ စု၊ လူဦးရေ ၇,၀၃၉ ယောက်ရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီက စစ်တွေမြို့က စစ်ဘေးရှောင်တယောက်ချင်းစီကို တလမှာ ငွေ ၂၀,၀၀၀ ကျပ်နဲ့ ဆန် နို့ဆီဘူး အလုံး ၆၀ စီ ထောက်ပံ့ပေးနေတာ ပြီးခဲ့တဲ့ ဇွန်လအထိပဲရခဲ့ပြီး လက်ရှိအချိန်ထိ ထောက်ပံ့ကြေး တစုံတရာ မရရှိတော့ဘူးလို့ ဆိုပါတယ်။

တိုက်ပွဲတွေ ပတ်ပတ်လည်ဝိုင်းနေတဲ့ စစ်တွေမြို့မှာ အလုပ်အကိုင်ရရှိရေး မလွယ်တာကြောင့် စစ်ရှောင်တွေဟာ ရတဲ့ထောက်ပံ့ငွေ ကျပ် ၂၀,၀၀၀ နဲ့ ဘဝကို ရပ်တည်နေကြရပြီး အဲဒီအထောက်အပံ့ မရတော့တာကြောင့် အခက်အခဲကြုံနေကြတယ်လို့ စစ်တွေမြို့ စစ်ဘေးရှောင်စခန်းတခုရဲ့ တာဝန်ခံက ပြောပါတယ်။

“ကျနော်တို့ကို ဧပြီ၊ မေ၊ ဇွန်လအတွက်ဆိုပြီး ၃ လစာ ကျပ် ၆၀,၀၀၀ ပေးခဲ့တာပါ။ အဲဒါပြီးနောက်ပိုင်း ခုထိ လုံးဝမရသေးတာပါ။ ကျနော်တို့က အဲတာနဲ့ပဲ ဘဝကိုရပ်တည်နေတာပါ၊ ငတ်လို့ မသေရုံတမယ်ပါပဲ။ ကျနော်တို့ ဆန် တဘူးနဲ့ ဘယ်လိုမှတောင့်မခံနိုင်ကြတော့ဘူး။ အဲဒီဆန်ကို ထမင်းဖြစ်ဖို့အတွက် လောင်စာတွေ၊ ထင်းတွေ ရှာရတာက တော်တော့်ကို အခက်အခဲရှိပါတယ်။ မီးလည်းမရှိဘူး၊ အိပ်ရတာကလည်း တော်တော့်ကိုခက်ခဲပါတယ်။ ဘုန်းကြီးကျောင်းအောက်က သံမံတလင်းတွေပေါ်မှာပဲ အိပ်ကြရတာပါ။ ကလေးတွေဆို ရောဂါဖြစ်ကြတာများပါတယ်၊ ကျနော်တို့ တော်တော့်ကို အခက်အခဲဖြစ်နေကြတာပါ။ တလတကြိမ်လောက်ပဲ ဖြစ်ဖြစ် ဌာနဆိုင်ရာတွေက လာရောက်ကူညီပေးစေချင်ပါတယ်။”

အထောက်အပံ့မရတာကြောင့် စစ်ဘေးရှောင်တွေဟာ ငတ်မသေရုံတမယ် ရင်ဆိုင်နေရတဲ့သူတွေရှိသလို စစ်တွေက စစ်ရှောင်တွေထဲမှာ အာဟာရပြတ်ပြီး သေဆုံးသွားသူတွေလည်းရှိတယ်လို့ စစ်ရှောင်တွေကို ကူညီစောင့်ရှောက်ပေးနေသူ တယောက်ဆီက သိရပြီး စစ်တွေမှာ အာဟာရပြတ်လို့ သေဆုံးတဲ့ စစ်ရှောင် ၇ ယောက်လောက် သူတွေ့ဖူးတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့က တခါတလေ ထောက်ပံ့ပေးတာတွေ ရှိပေမဲ့လည်း မလုံလောက်ဘူးလို့ ဆိုပါတယ်။

အခုလို ကူညီထောက်ပံ့မှုတွေ မရှိတာကြောင့် စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေး ပိုမိုခက်ခဲလာနေတဲ့အပြင် စစ်ကောင်စီရဲ့ ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ထားတာကြောင့် ကုန်ဈေးနှုန်း မြင့်မားမှုဒဏ်တွေကိုပါ တပါတည်း ခံစားနေကြရတာပါ။

လက်ရှိမှာ ဆန်ကြမ်းတအိတ်ကို အနည်းဆုံး ကျပ် ၁၃၀,၀၀၀  ဝန်းကျင်ရှိပြီး စားအုံးဆီ တလီတာကို ကျပ် ၁၀,၀၀၀ ဝန်းကျင်အထိဈေးမြင့်တက်နေတာပါ။ ဒါအပြင် လောင်စာအနေနဲ့ သုံးရတဲ့ ထင်းစည်းအသေး တစည်းကိုလည်း ကျပ် ၄,၀၀၀ ဝန်းကျင်ထိ ရှိနေပေမဲ့ အဲဒီ ထင်းစည်းဟာ ထမင်းတအိုးကျက်ဖို့ လုံလောက်တဲ့ ပမာဏ မရှိပါဘူးလို့ ဒေသခံကဆိုပါတယ်။

စစ်တပ်ရဲ့ အတင်းအဓမ္မနှင်ထုတ်မှုကြောင့် နေရပ်စွန့်ခွာလာရပြီး စားဝတ်နေရေး အကျပ်အတည်းကို ခါးစည်းခံနေရတဲ့ စစ်ဘေးရှောင်တယောက်ကတော့ သူ့ရဲ့အိမ်ကို ပြန်နိုင်ဖို့ပဲ မျှော်လင့်နေတယ်လို့ ပြောပါတယ်။

“အဆင်မပြေလည်း နေနေရတာပါပဲ။ အလုပ်အကိုင်တွေကလည်း လုံးဝမရှိဘူး။ အရင်ကဆို လက်သမားလုပ်ပြီးတော့ မိသားစုစားဝတ်နေရေးကို ဖြေရှင်းပေးခဲ့တာပါ။ ခုက လက်သမား အလုပ်လည်း မရှိတော့ဘူး၊ သားတယောက်ကိုလည်း ကျောင်းကထွက်ခိုင်းလိုက်ရတယ်။ ကျနော်တို့ကလည်း အသက်တွေကြီးလာပါပြီ၊ ပိုက်ဆံတွေလည်းမရှိ၊ အိုးနဲ့အိမ်နဲ့ နေနေရတာလည်းမဟုတ်၊ ကျောင်းထားဖို့လည်း မတတ်နိုင်တော့ဘူး။ ဌာနဆိုင်ရာတွေက ပေးတဲ့ငွေကလည်း တလနဲ့တလ လိုက်လို့ကိုမမီဘူး။ စားဝတ်နေရေးကတော့ အခက်အခဲအများကြီးရှိပါတယ်။ ကျနော်တို့ကတော့ ကိုယ့်အိမ်ကိုယ်ရွာကို ပြန်နိုင်ဖို့ပဲ မျှော်လင့်နေတာပါ။ ကိုယ့်ရပ်ရွာမှာပဲ လုပ်ကိုင်စားသောက်လို့နေချင်တယ်။”

ရခိုင်မှာ အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲဆင်နွှဲချိန်ကစပြီး စစ်တွေဒေသခံတွေဟာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး အများစုဟာ ပြည်မဘက်နဲ့ AA ထိန်းချုပ်ထားတဲ့မြို့နယ်တွေဆီ တိမ်းရှောင်နေကြပြီး အခြေခံလက်လုပ်လက်စားသမားတွေနဲ့ တိမ်းရှောင်ဖို့ ငွေကြေးမတတ်နိုင်တဲ့သူ အနည်းငယ်လောက်ပဲ စစ်တွေမြို့ထဲ ရှိနေကြတာပါ။

ဒါကြောင့် လက်ရှိမှာ နေရပ်စွန့်ခွာပြီး ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအပါအဝင် စစ်တွေဒေသခံတွေလည်း လူသားချင်းစာနာမှု အကူအညီတွေ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ 

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013