DVB Logo
Home
နိုင်ငံတကာ
ဆေးဝါးများအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်မည်ဟု ထရမ့်ပ်ကြေညာ
DVB
·
September 26, 2025
ဆေးဝါးများအပေါ် ၁၀၀ ရာခိုင်နှုန်း စည်းကြပ်ခွန် ကောက်မည်ဟု ထရမ့်ပ်ကြေညာ
Donate to DVB

အမှတ်တံဆိပ်တပ် ဆေးဝါးတွေအပေါ် ၁၀၀ ရာခိုင်နှုန်း၊ အကြီးစား ကုန်တင်ကားတွေအပေါ် ၂၅ ရာခိုင်နှုန်း အပါအဝင် ပို့ကုန်အများအပြားအပေါ် စည်းကြပ်ခွန်သစ်တွေ ချမှတ်သွားမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာလိုက်ပါတယ်။

ဒီကြေညာချက်ကြောင့် အာရှတလွှားက ဆေးဝါးကုမ္ပဏီတွေ ရှယ်ယာစျေးတွေ ကျဆင်းကုန်ပါတယ်။

ဒါပေမဲ့ အမေရိကန်မှာ ကုန်ထုတ်စက်ရုံ ဆောက်လုပ်ရေးကို စတင်ထားပြီးဖြစ်တဲ့ ကုမ္ပဏီတွေကိုတော့ ဒီဆေးဝါးစည်းကြပ်ခွန်ကနေ ကင်းလွတ်ခွင့်ပေးမယ်လို့ ထရမ့်ပ်က ဆိုပါတယ်။

အမေရိကန်ကုန်ထုတ်လုပ်ငန်းနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့  ရည်ရွယ်ကောက်ခံတာ ဖြစ်တယ်လို့ ထရမ့်ပ်က ပြောပါတယ်။

ရှေ့ပိုင်းမှာလည်း ကုန်သွယ်ဘက်နိုင်ငံတွေအပေါ် ၅၀ ရာခိုင်နှုန်းအထိ မြင့်မားတဲ့ စည်းကြပ်ခွန်တွေ ကောက်ခံခဲ့ပြီးဖြစ်သလို သံမဏိလို သွင်းကုန်အမျိုးအစားပေါ်မူတည်ပြီး သီးခြား ကောက်ခံမှုတွေလည်း ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

ဒီစည်းကြပ်ခွန်ဟာ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုအပေါ်မှာပါ သက်ရောက်မှုရှိလာနိုင်သလို ကမ္ဘာတလွှားက စီးပွားရေးလုပ်ငန်း ဆုံးဖြတ်ချက်တွေအပေါ်မှာပါ သက်ရောက်လာနိုင်ပါတယ်။

အမေရိကန်မှာ စားသုံးသူလက်ထဲအရောက် စျေးနှုန်းတွေလည်း မြင့်မားလာမှာကို စိုးရိမ်နေကြပါတယ်။

အခုချမှတ်လိုက်တဲ့ အခွန်သစ်ဟာ မူလရှိပြီး နိုင်ငံအလိုက် စည်းကြပ်ခွန်အပေါ် ထပ်ပေါင်းမှာလား၊ တမျိုးပဲ ကျသင့်မှာလား ဆိုတာတော့ မရှင်းလင်းပါဘူး။ ဂျပန်ကတော့ သက်ရောက်မှုအလားလာတွေကို ဆန်းစစ်နေတယ်လို့ ထုတ်ပြန်ထားပြီး ဩစတြေးလျကတော့ မမျှတဘူးလို့ ကန့်ကွက်ထားပါတယ်။

အမေရိကန်နိုင်ငံအတွင်း ပရိဘောလုပ်ငန်း ပြန်လည်ယူဆောင်လာမယ်ဆိုတဲ့ ကတိအတိုင်း ပြင်ပက တင်သွင်းတဲ့ ကြောင်အိမ်လို မီးဖိုချောင်သုံးနဲ့ ရေချိုးခန်းသုံး ပဋိဘောဂတွေအပေါ်မှာ ၅၀ ရာခိုင်နှုန်း၊ ဆိုဖာဆက်တီလို ပရိဘောဂတွေအပေါ်မှာ ၃၀ ရာခိုင်နှုန်း စည်းကြပ်ခွန်ကောက်ခံမှာ ဖြစ်ပါတယ်။

အခွန်အသစ်တွေအားလုံး အောက်တိုဘာ ၁ ရက်နေ့မှာ စတင်အကျုံးဝင်မှာ ဖြစ်ပြီး ဒီသတင်းကြောင့် အာရှဒေသက ဆေးဝါးကုမ္ပဏီတွေ ရှယ်ယာစျေး ကျဆင်းကုန်ပါတယ်။

ဩစတြေးလျက CSL က ၆ နှစ်အတွင်း အနိမ့်ဆုံး၊ ဂျပန် ဆူမီတိုမိုဆေးဝါးက ၃ ရာခိုင်နှုန်းကျော် ကျသွားပါတယ်။

ဟောင်ကောင်နဲ့ အိန္ဒိယ ဆေးဝါးကုမ္ပဏီတွေရဲ့ ရှယ်ယာအညွှန်းကိန်းတွေမှာလည်း တန်ဖိုးကျကုန်သလို တရုတ်က ပဋိဘောဂထုတ်လုပ်တဲ့ ကုမ္ပဏီတွေလည်း  ရှယ်ယာတန်ဖိုး ကျဆင်းသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013