
နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲ ပျက်ပြားသွားခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကနေဒါဟာ “ပြည်နယ်တခု မဖြစ်ချင်ပေမဲ့လည်း ပြည်နယ်တခုရဲ့ အကျိုးခံစားခွင့်တွေကိုတော့ လိုချင်နေတယ်” လို့ ပြောသွားပါတယ်။
ဒါ့အပြင် အမေရိကန် လယ်သမားတွေကို ကနေဒါဘက်က နှစ်နဲ့ချီအောင် “စည်းကြပ်ခွန် အများအပြား” ကောက်ခံနေတယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။
အခုလိုမျိုး ညှိနှိုင်းမှု မအောင်မြင်ခဲ့တဲ့အလျောက် ဝိုင်၊ ဘိလပ်မြေ၊ အဝတ်အထည်၊ နို့ထွက်ပစ္စည်းနဲ့ ဟော်ကီ အားကစားပစ္စည်းလိုမျိုး ကနေဒါနိုင်ငံထုတ် ကုန်စည်တွေအပေါ် အမေရိကန်ရဲ့ ၅၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မှုအသစ်ဟာ ဩဂုတ် ၂၂ ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ် မာ့ခ် ကာနေး ကတော့ ဒီစည်းကြပ်ခွန်ဟာ “ကျနော်တို့ကို အထိနာအောင်နဲ့ သွေးကွဲအောင် ရည်ရွယ်ထားပေမဲ့လည်း မှားယွင်းတဲ့တွက်ကိန်းသာ ဖြစ်ခဲ့တယ်”ဆိုပြီး တုံ့ပြန်ပါတယ်။
အခုဆိုရင် အမေရိကန်နဲ့ ကနေဒါဟာ ကုန်သွယ်ရေး “စစ်ပွဲတခု” ဆင်နွှဲနေပြီ ဖြစ်တာကြောင့် အခွန် “တဒေါ်လာချင်းစီတိုင်းအတွက်” ထပ်တူကောက်ခံမယ်လို့ ဝန်ကြီးချုပ် ကာနေးက အတည်ပြုပါတယ်။
ဒါကြောင့် စက်တင်ဘာ ၈ ရက်ကစပြီး အမေရိကန်နိုင်ငံထုတ် သံမဏိ၊ နို့ထွက်ပစ္စည်း၊ အိမ်သုံးပစ္စည်းနဲ့ လျှပ်စစ်ပစ္စည်းတွေကို အခွန်တန်ပြန် ကောက်ခံသွားဖို့ ရှိနေပါတယ်။
အဲဒီနောက် အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲပြီး “တကယ်အနိုင်ရမယ်” လို့ ထင်နေကြတဲ့ ကနေဒါနိုင်ငံသားတွေဟာ “ရူးမိုက်လွန်းတယ်” လို့လည်း သမ္မတ ထရမ့်ပ်က Fox News သတင်းဌာနကို မှတ်ချက်ပေးပါတယ်။
အမေရိကန်ဘက်က အဆိုပြုလာတဲ့ တောင်းဆိုချက်ထဲမှာ ကနေဒါနဲ့အတူ တခြားနိုင်ငံတွေကြား ကုန်သွယ်ရေးသဘောတူညီချက် အသစ်ချုပ်ဆိုခွင့်ကိုပါ ကန့်သတ်ထားတဲ့အတွက် လက်ခံနိုင်စရာ မရှိလောက်အောင် “တင်းကျပ်လွန်းတယ်” ဆိုပြီး ဖော်ပြထားပါတယ်။
ဒါကြောင့် “သူတို့တောင်းဆိုတာ များလွန်းပြီး လိုက်လျောတာကျ အလွန်နည်းပါးတယ်” လို့ ကာနေး ကိုယ်တိုင် ဝေဖန်ပြောဆိုပါတယ်။
ဒီကန့်သတ်ချက်ကြောင့် ကနေဒါဟာ “အမေရိကန်ရဲ့ ၅၁ ခုမြောက် ပြည်နယ်လိုမျိုး စီးပွားရေးအရ ဖြစ်သွားစေနိုင်ကြောင်း” ဗြိတိသျှကိုလံဘီယာပြည်နယ်ဝန်ကြီးချုပ် ဒေးဗစ် အီဘီက ထောက်ပြပါတယ်။
အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုအရ ကနေဒါကနေ တင်သွင်းနေတဲ့ ကုန်စည်စုစုပေါင်း ၅ ရာခိုင်နှုန်း တန်ဖိုးအားဖြင့် ဒေါ်လာဘီလီယံ ၂၀ ဖိုးလောက်ကို သက်ရောက်မှုရှိစေမှာ ဖြစ်ပါတယ်။











