
ကနေဒါရဲ့ အမေရိကန်အပေါ် တန်ပြန်အခွန်စည်းကြပ်မှုတွေဟာ စက်တင်ဘာ ၈ ရက်မှာ စတင်အသက်ဝင်လာခဲ့ပြီး နှစ်နိုင်ငံကြား ကုန်သွယ်ရေးသဘောတူညီချက် ရလာမဲ့ အရိပ်အယောင်လည်း မတွေ့ရသေးပါဘူး။
အဲဒီစည်းကြပ်ခွန်အသစ်ဟာ ၅၀ ရာခိုင်နှုန်းအထိ မြင့်မားပြီး အမေရိကန် ကုန်စည်အမျိုးအစား အများအပြားအပေါ် သက်ရောက်မှာဖြစ်သလို တန်ကြေးအားဖြင့် ဒေါ်လာဘီလီယံ ၂၀ ဖိုးလောက် ရှိတယ်လို့လည်း သိရပါတယ်။
ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေး ကတော့ နှစ်နိုင်ငံစလုံးအတွက် အကောင်းဆုံးအကျိုးရှိပြီး အမေရိကန်နဲ့ “ရေရှည်တည်တံ့မဲ့” ကုန်သွယ်ရေး သဘောတူညီချက်တခုကို လိုလားနေဆဲ ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကနေဒါအခြေစိုက် Bombardier လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီအနေနဲ့ စက်ရုံတွေကို ပြည်တွင်းထဲ မပြောင်းရွှေ့ဘူးဆိုရင် စီပွားရေးလုပ်ခွင့်မှန်သမျှ ပိတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားပါတယ်။
Bombardier ဟာ ကနေဒါအတွက် အကြီးမားဆုံး ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့အပြင် ၂၀၂၄ ခုနှစ်အတွင်း စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ထဲမှာ ဒေါ်လာ ၅ ဘီလီယံကျော် ပံ့ပိုးပေးနိုင်ခဲ့တာကိုပါ တွေ့ရပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ ကနေဒါဟာ ကမ္ဘာ့အကြီးမားဆုံး ကုန်သွယ်ဘက်တွေ ဖြစ်တဲ့အလျောက် ၂၀၂၅ ခုနှစ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုတန်ဖိုးဟာ ဒေါ်လာဘီလီယံ ၉၀၀ နီးပါးလောက် ရှိပါတယ်။
လောလောဆယ် အမေရိကန်ဟာ ကနေဒါကုန်ပစ္စည်း အမျိုးအစားတွေအပေါ် မူတည်ပြီး အခွန် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိကို ကောက်ခံနေပါတယ်။
အခုလိုမျိုး အပြန်အလှန် အခွန်စည်းကြပ်မှု မတိုင်ခင်ကာလမှာ ကနေဒါနိုင်ငံရဲ့ စီးပွားရေးဟာ ဒုတိယသုံးလပတ်အတွင်း ၃ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သလို ဧပြီလကနေ ဇူလိုင်လအထိ အလုပ်အကိုင်ပေါင်း ၁၈၁,၀၀၀ ကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း နှစ်ဖက်ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပျက်ပြားသွားခဲ့တာနဲ့ ကနေဒါအပေါ် အမေရိကန်ရဲ့ စည်းကြပ်ခွန် အသစ်ချမှတ်ခဲ့တဲ့ သြဂုတ်လမှာတော့ အလုပ်အကိုင် အရေအတွက် ၄၁,၀၀၀ ဝန်းကျင်လောက် ပြန်လျော့ကျသွားပါတယ်။
ကနေဒါနိုင်ငံမှာရှိနေတဲ့ စားသုံးသူတွေနဲ့အတူ စီးပွားရေးလုပ်ငန်းတွေက ပြည်တွင်းဖြစ် ပစ္စည်းတွေကိုသာ ပိုပြီးဝယ်ယူလာတာနဲ့အမျှ ကုန်ထုတ်လုပ်မှုကဏ္ဍအတွင်း အနည်းငယ် တိုးတက်လာခဲ့ကြောင်း သိရပါတယ်။











