
ပြင်သစ်သမ္မတဟောင်း နစ်ကိုလပ်ဆာကော်ဇီဟာ လစ်ဗျားအာဏာရှင် မွမ်မာကဒါဖီထံကနေ တရားမဝင်ရန်ပုံငွေ ယူရိုသန်းချီ ရယူခဲ့မှုနဲ့ ဆက်စပ်တဲ့အမှုမှာ ရာဇဝတ်မကင်းတဲ့ ပူးပေါင်းကြံစည်မှု အတွက် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပြီး ထောင် ၅ နှစ် ချမှတ်ခံရပါတယ်။
ဒါပေမဲ့ အဂတိလိုက်စားမှုနဲ့ တရားမဝင် မဲဆွယ်ရန်ပုံငွေ ပံ့ပိုးမှု အပါအဝင် တခြားစွဲချက်တွေအတွက်တော့ အပြစ်မရှိဘူးလို့ ပါရီရာဇဝတ်တရားရုံးက ဆုံးဖြတ်ပါတယ်။
စီရင်ချက်အပေါ် အယူခံတက်မယ် ဆိုရင်တောင် ထောင်ထဲကနေပဲ အယူခံဝင်ရမှာ ဖြစ်ပါတယ်။ လာမယ့်ရက်ပိုင်းအတွင်း ဆာကော်ဇီကို ပါရီက အကျဉ်းထောင်မှာ ထားနိုင်ခြေရှိတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ဒီလိုသာဆိုရင် ဆာကော်ဇီဟာ ပြင်သစ်သမိုင်းမှာ ထောင်ဒဏ်အမှန်တကယ်ကျခံရတဲ့ ပထမဆုံး သမ္မတဟောင်း ဖြစ်လာမှာပါ။
၂၀၀၇ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ ပြင်သစ်သမ္မတတာဝန်ယူခဲ့တဲ့ အသက် ၇၀ အရွယ် ဆာကော်ဇီက ဒီအမှုကို နိုင်ငံရေးအရ လုပ်ကြံတာလို့ တုံ့ပြန်ထားပြီး အခုစီရင်ချက်ဟာ တရားဥပဒေစိုးမိုးမှုအတွက် အလွန်စိုးရိမ်စရာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဆာကော်ဇီဟာ ၂၀၀၇ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ကဒါဖီထံက ရန်ပုံငွေတွေ သုံးစွဲခဲ့ပြီး အပြန်အလှန်အနေနဲ့ အနောက်နိုင်ငံတွေကြားမှာ ကဒါဖီရဲ့ ဂုဏ်သတင်းအတွက် ကူညီပြောဆိုပေးဖို့ ကတိပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။
သူ့လက်ထောက်တွေကို လစ်ဗျားတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဖို့ ခွင့်ပြုခဲ့တယ်လို့ တရားသူကြီးက သုံးသပ်ပေမဲ့ ဒီလိုဆက်သွယ်ရုံနဲ့ ဆာကော်ဇီဟာ တရားမဝင်ရန်ပုံငွေ ခံစားခွင့်ရသူဖြစ်ကြောင်း ကောက်ချက်ချဖို့ သက်သေမလုံလောက်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ယူရိုတသိန်း ဒဏ်ကြေးပေးဖို့လည်း အမိန့်ချခဲ့ပါတယ်။
ဆာကော်ဇီဟာ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲအသုံးစရိတ် ကျော်လွန်မှုနဲ့ တရားသူကြီးတဦးကို လာဘ်ထိုးဖို့ ကြိုးပမ်းမှုတွေနဲ့ အရင်ကလည်း ထောင်ဒဏ်ချမှတ်ခံခဲ့ရဖူးပေမဲ့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးအဖြစ် ပြောင်းလဲကျခံခဲ့ရသူ ဖြစ်ပါတယ်။










