DVB Logo
Home
မြန်မာသတင်း
ပေါက်မြို့နယ်၌ စစ်တပ်က  ရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ်
DVB
·
September 26, 2025
ပေါက်မြို့နယ်၌ စစ်တပ်က  ရွာသားအချို့ကို ဖမ်းဆီးသတ်ဖြတ်
Donate to DVB

မကွေးတိုင်း၊‌ ပေါက်မြို့နယ် ပလောင်းရွာကို စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်နဲ့ စက်တင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီလောက်မှာ ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ယောက်ကို ဖမ်းဆီးခေါ် ဆောင်သွားကာ ၃ ယောက်ကို သတ်ဖြတ်ပစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကပစ ၂၄ ကနေ စစ်ကြောင်းထိုးလာပြီး ပလောင်းရွာကို ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။

ပလောင်းရွာသားတယောက်က “စစ်ကြောင်းလာတယ်ဆိုတာလည်း မသိလိုက်တော့ တရွာလုံး ရှောင်ချိန်မရလိုက်ဘူး။ တရွာလုံးမှာရှိတဲ့ ရွာသူ‌၊ ရွာသားတွေကို ဖမ်းပြီး ဘုန်းတော်ကြီးကျောင်းထဲမှာ စုထားတာဗျ။ အဲစုထားတဲ့ ရွာသားတွေထဲက ဇေယျာထွန်း၊ ဖိုးပြုံး၊ ဇော်ဌေး၊ မင်းနိုင်၊ ဖိုးသူ တို့ကို ဖမ်ပြီး ညနေခင်းမှာ ကပစ ၂၄ ဘက်ကို ခေါ်သွားတယ်။ အဲဒီဖမ်းသွားတဲ့ ၅ ဦးထဲက ၃ ဦးကိုတော့ လမ်းခုလတ်မှာ သတ်ဖြတ်တယ်လို့ သတင်းရထားတယ်။ သတင်းက သေချာ၊ မ‌သေချာသေးလားတော့ မသိရသေးဘူး။ သတ်ခဲ့တယ်ဆိုရင်လည်း ဘယ် PDF မှ မဟုတ်ဘူးဗျ။ သာမန်အရပ်သား‌တွေဆိုတာ ရဲရဲကြီး အသက်နဲ့ရင်းပြီး အာမခံပါတယ်” လို့ ပြောပါတယ်။

ပလောင်းရွာဟာ ကပစ ၂၄ ရဲ့ တောင်ဘက် တမိုင်နီးပါးခန့်သာ ကွာဝေးပြီး အိမ်ခြေ ၁၀၀ ရှိတဲ့ ကျေးရွာဖြစ်တယ်လို့ သိရပါတယ်။

ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူ ဗိုလ်လရောင်က “ကပစ ၂၄ ကနေ ထွက်လာတဲ့ (--)စစ်ကြောင်းဗျ၊ ကျနော်တို့နဲ့ တိုက်ပွဲလုံးဝမဖြစ်ဘူး။ ရွာသား ၃ ဦးကို စစ်တပ်က သတ်ဖြတ်တယ်ဆိုတဲ့သတင်းက အတည်ပြုလို့ရတယ်ဗျ။ ကျ‌နော်တို့ကို စစ်တပ်အတွင်းက ဖရဲသီးကလည်း ပြောသလို စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကနေလည်း တွေ့ရတယ်ဗျ။ သူတို့ဖမ်း‌ခေါ်သွားတုန်းကလည်း ဘယ် Gun တွေမှ မပါဘူး။ စစ်တပ်က သူတို့ဖမ်းသွားသူတွေကို သတ်ပြီး PDF လို့ အလွဲသုံးစားလုပ်ပြီး သေနတ်ဘေးချ ဓာတ်ပုံရိုက်ပြီး ဝါဒဖြန့်တာပါ။ ဖမ်းဆီးခံရတဲ့ ၅ ဦးထဲက ၃‌ ယောက်ကတော့ သတ်ဖြတ်တာ သေချာသွားပြီ” လို့ ပြောပါတယ်။

ပလောင်းရွာသား ၅ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပလောင်းရွာအနီးမှာ တိုက်ပွဲဖြစ်ပြီး အရပ်ဝတ် ကျားအလောင်း ၃ လောင်း၊ လက်လုပ်သေနတ် (၁ တောင့်ထိုး) ၂ လက်၊ လက်လုပ် ၁၂ ဗို့ သေနတ် ၃ လက်နဲ့ လက်လုပ်မိုင်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဝါဒဖြန့် ရေးသားထားပါတယ်။

စစ်တပ်က ရွာသား ၃ ယောက်ကို သတ်ဖြတ်တာနဲ့ပတ်သက်ပြီး DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်တပ်က ပလောင်းရွာကို ဝင်ရောက်ပြီး ရွာသား ၅ ယောက်အပြင် ကျေးရွာအတွင်းက ပြည်သူပိုင်တန်ဖိုးရှိ ပစ္စည်းတွေကိုလည်း ကပစ ၂၄ ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ၅ ယောက်ထဲက ၂ ယောက်ကိုတော့ စက်တင်ဘာ ၂၅ ရက် ည‌နေပိုင်းအထိ ပြန်မလွှတ်သေးတာကြောင့် မိသားစုဝင်တွေက အသက်အန္တရာယ်အတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013