DVB Logo
Home
မြန်မာသတင်း
ပေါက်နှင့် မြိုင်မြို့နယ်က အညာတမာစစ်ဆင်ရေးအတွင်း စစ်တပ်ဘက်က ၅၀ ကျော် သေဆုံး
DVB
·
August 16, 2026
Photo : အညာတမာစစ်ဆင်ရေး
Photo : အညာတမာစစ်ဆင်ရေး
Donate to DVB

မကွေးတိုင်း၊ ပေါက်နဲ့ မြိုင်မြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီး အညာတမာစစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က ၅၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်း အများအပြားလည်း သိမ်းဆည်းရရှိခဲ့ပြီး အလင်းဝင်လာသူတွေလည်း ရှိတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သြဂုတ် ၁၅ ရက်နေ့မှာ သတင်းထုတ်ပြန်လာကြပါတယ်။

အညာတမာစစ်ဆင်ရေးအတွင်း ပါဝင်ခဲ့တဲ့ ပခုက္ကူခရိုင် တပ်ရင်းရဲ့တာဝန်ခံက “ပြီးခဲ့တဲ့ မေလထဲကနေစပြီး ပခုက္ကူတပ်မ ၁၀၁ က အင်အား ၅၀၀ နီးပါး ပါတဲ့စစ်ကြောင်းက ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်တွေထဲကိုဝင်ပြီး ပြည်သူတွေကို သတ်ဖြတ်၊ ပြည်သူပိုင်အိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှို့ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်နေတာဖြစ်တယ်။ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကနေ အခုချိန်အထိ တိုက်ပွဲ ၃၀ ကျော် တောက်လျှောက်ဖြစ်ခဲ့ပြီးတော့ တိုက်ပွဲတွေထဲမှာ ရန်သူ ၅၀ ထက်မနည်း သေဆုံးတယ်။ ပစ ၄ ယောက် လက်နက်မဲ့ အလင်းဝင်လာပြီးတော့ ရန်သူ့ဆီက လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရရှိခဲ့ပါတယ်” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြသူတွေကို သက်ဆိုင်ရာမိသားစုတွေနဲ့ ချိတ်ဆက်ပြီး နေရပ်အသီးသီးကို ပြန်လည်ပို့ဆောင်လိုက်ပြီးဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

အညာတမာစစ်ဆင်ရေးကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးဖက်ဒရယ်ယူနစ်စစ်ကြောင်းများ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပခုက္ကူခရိုင် (၂၊ ၆၊ ၇၊ ၉၊ ၁၂၊ ၁၄၊ ၁၅၊ ၁၇၊ ၁၈) တပ်ရင်းတို့အပြင် KG တပ်ဖွဲ့၊ ပခုက္ကူခရိုင် ပကဖ၊ ပေါက်မြို့နယ် ပကဖ၊ မြိုင်မြို့နယ် ပကဖ၊ ရေစကြိုမြို့နယ် ပကဖ၊ ပခုက္ကူမြို့နယ် ပကဖ၊ တိုင်းပကဖစစ်ကြောင်း ၄၊ MRG တပ်ဖွဲ့၊ ကမ္မတပ်ပေါင်းစု၊ ကမ္မလုံခြုံရေးအင်အားစု၊ PLC တပ်ပေါင်းစု၊ မြိုင် ညီညွတ်ရေးတပ်ပေါင်းစု၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေတပ်ပေါင်းစု၊ ရေစကြိုတပ်ပေါင်းစု တို့နဲ့အတူ ပြည့်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ ယင်းမာပင်ခရိုင်အမှတ် (၇၊ ၁၁၊ ၁၂) တပ်ရင်း၊ ပုလဲမြို့နယ် ပကဖ၊ Myingyan Black Tiger တပ်ဖွဲ့နဲ့  ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အညာတမာစစ်ဆင်ရေးရဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော် က “ကျနော်တို့ အညာတမာစစ်ဆင်ရေးဟာ မြိုင်မြို့နယ်ထဲက ကိုင်းတောမ-ဝက်ပုတ်-ဗောဓုံ-ဘောင်ပင်- သင်းမ-ယာကြီးပြင်-တောင်စုံ-မှန်ရင်း စတဲ့ ကျေးရွာလမ်းပိုင်းတွေကိုအသုံးပြုပြီးတော့ ပြီးခဲ့တဲ့ ၂၀၂၃ လောက်ကတည်းက လက်လွှတ်ထားခဲ့ရတဲ့ ကျောက်ခွက်ရေနံမှော်ကို ပြန်လည်စိုးမိုးချင်တာကြောင့် ရန်သူ့ဘက်ကစစ်ကြောင်းထိုးလာတဲ့ လမ်းတလျှောက်မှာ ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကစပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ရန်သူစစ်တပ်ကို ချေမှုန်းတိုက်ခိုက်တာတွေတင်မကဘဲ တော်လှန်ရေးရည်မှန်းချက်တွေအောင်မြင်ရေးနဲ့ စိုးမိုးနယ်မြေတွေချဲ့ထွင်ပြီး ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ကြရမှာဖြစ်လို့ ပြည်သူတွေအပေါ် အကြမ်းဖက်လုပ်ရပ်တွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ ရန်သူစစ်တပ်ကို ပိုမိုကျစ်လျစ်တဲ့စုဖွဲ့မှု့တွေနဲ့တိုက်ခိုက်နိုင်ဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့ ၂၀ နီးပါးပူးပေါင်းပြီး အညာတမာစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ကြတာပါ” လို့ DVB ကို ပြောပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် ကျေးရွာ ၁၁ ရွာက ပြည်သူပိုင်နေအိမ် ၃၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အပြစ်မဲ့အရပ်သားပြည်သူ ၂၄ ယောက်ကိုလည်း သတ်ဖြတ်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

သြဂုတ် ၁၄ ရက်နေ့မှာ စစ်တပ်စစ်ကြောင်းဟာ တိုက်ပွဲတွေအတွင်း လေကြောင်းပစ်ကူ အကူအညီနဲ့ ကျောက်ခွက်ရေနံမှော်နဲ့ ရေနံမှော်အနီးက တောင်စုံကျေးရွာကိုရောက်ရှိနေပြီး ရေနံမှော်အနီးတဝိုက်ကို သြဂုတ် ၁၅ ရက် ညနေပိုင်းအထိ စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

မြိုင်မြို့နယ်ထဲမှာ လတ်တလောဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ဘောင်းဘင်ကျေးရွာနဲ့ သင်းမကျေးရွာလမ်းပိုင်း၊ တဲကြီးကျေးရွာနဲ့ သက်လမ်းပိုင်း၊ ဘောတုံကျေးရွာနဲ့ ခွေးမွေးကျေးရွာလမ်းပိုင်း၊ ကန်သစ်ကျေးရွာနဲ့ နယ်သတ်ကျေးရွာ လမ်းပိုင်းတွေကို ဒေသခံပြည်သူတွေအနေနဲ့ မသွားလာကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတိပေးတိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013