
ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲနဲ့ သီပေါမြို့တို့မှာ သတင်းရယူဖို့ စစ်တပ်က စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စက်တင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိသူထဲမှာ စစ်ကောင်စီတပ်က စေလွှတ်ထားတဲ့ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)နဲ့ သတင်းပေးသူ စုစုပေါင်း ၁၁ ဦးတို့ဖြစ်ပြီး TNLA ရဲ့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတို့က ပူးပေါင်းဖမ်းဆီးတာလို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။
“ဒီလထဲမှာ စစ်ဆေးမှုတွေလုပ်နေတာကနေ ဖမ်းဆီးရမိတာပါ။ စကစကို သတင်းပေးနေတဲ့ စရဖ တပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတွေကို ဖမ်းဆီးရမိတယ်။ စရဖ တပ်ဖွဲ့ဝင် ၈ ဦးနဲ့ အရပ်သား ၃ ဦးပါတယ်။”
သူတို့ကိုတော့ ဖုန်းထဲက စစ်ကောင်စီကို သတင်းပေးတဲ့ သက်သေတွေနဲ့ ကိုယ်တိုင်ဝန်ခံ ထွက်ဆိုတာတွေကြောင့် လက်ရှိမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
လွေးယေဦးက “ဝန်ခံထွက်ဆိုတာတွေရှိပါတယ်။ ကျောက်မဲ၊ သီပေါကိုသွားလာပြီး တော်လှန်ရေးတပ်တွေရဲ့ စစ်ရေးကို သတင်းပေးတာ၊ လေကြောင်းကနေ ဗုံးကြဲပြီးနောက် ပွိုင့်နေရာထိ၊ မ ထိကို သွားကြည့် ဓာတ်ပုံတွေရိုက်ပြီး စစ်ကောင်စီကို ပို့ပေးတာတွေရှိပါတယ်။ သူတို့ကို စစ်ဆေးနေဆဲဖြစ်ပါတယ်။ ထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ သက်သေခိုင်မာရင် ဥပဒေနဲ့ အရေးယူသွားမှာပါ”လို့ ပြောပါတယ်။
ဘယ်လိုအရေးယူမယ်ဆိုတာကို အတိတကျမပြောပေမဲ့ စရဖတပ်ဖွဲ့ဝင်တွေဟာ TNLA က သီပေါနဲ့ ကျောက်မဲကို မသိမ်းခင် တာဝန်ထမ်းဆောင် နေသူတွေဖြစ်ပြီး TNLA က မြို့သိမ်းချိန် ယာယီ စွန့်ခွါပြီးနောက် မြို့တွင်းကို ဆိုင်ကယ်၊ ကား စတာတွေနဲ့ ခရီးသွား အယောင်ဆောင်ကာ ဝင်ရောက်လာတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားသူတွေထဲမှာ အရပ်သား အမျိုးသမီး ၃ ယောက်လည်းပါဝင်ပြီး တယောက်ကဝန်ခံ ထွက်ဆိုပေမဲ့ ကျန်တယောက်ကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဖမ်းဆီးရမိသူတွေကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ထိန်းသိမ်းထားပြီး ပြစ်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်တယ်ဆိုရင် ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဖမ်းမိထားတဲ့သူတွေဟာ TNLA ထိန်းချုပ်နယ်မြေတွေဆီက ဂိတ်နေရာတွေ၊ ဂိတ်တွင်းက လူအင်အား၊ လက်နက်အင်အား၊ ဌာနဆိုင်ရာအင်အား၊ တပ်စခန်းနေရာတွေနဲ့ လူစုလူဝေးတဲ့ နေရာတွေကို သတင်းရယူခဲ့ပြီး လေကြောင်းပစ်ခတ်မှု ပြုလုပ်ကာ ထိရောက်မှု ရှိမရှိကို စုံစမ်းထောက်လှမ်းခဲ့တယ်လို့ TNLA က ဆိုပါတယ်။
ဒါ့အပြင် စစ်တပ် လွယ်ကူစွာဝင်ရောက်နိုင်မယ့် လမ်းနဲ့ ထောက်ပို့လမ်းကြောင်းအခြေအနေတွေကို အဓိက ထောက်လှမ်း သတင်းပေးပို့ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီလို ထောက်လှမ်းရာမှာလည်း အသွင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက် ထောက်လှမ်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ထောက်လှမ်းပြီး သတင်းပေးတဲ့အခါမှာ ဆိုရှယ်မီဒီယာတွေ ဖြစ်ကြတဲ့ Viber၊ Facebook၊ Wechat နဲ့ Telegram တို့ကနေ သတင်းပေးပို့ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။










