DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် မြေကျွံကျခဲ့ရသည့်အကြောင်းရင်း ထိုင်းဝန်ကြီးချုပ်ပြော
DVB
·
September 25, 2025
ဘန်ကောက်တွင် မြေကျွံကျခဲ့ရသည့်အကြောင်းရင်း ထိုင်းဝန်ကြီးချုပ်ပြော
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ရဲစခန်းနဲ့ ဝချီရဆေးရုံအကြားရှိ လမ်းမကို ပွင့်ထွက်သွားခဲ့တဲ့ တွင်းပေါက်ကြီးဟာ တောင်ဘက် မြေအောက်ရထားလိုင်း ဆောက်လုပ်နေချိန်အတွင်း မြေအောက်က သဲတွေ ဖုန်တွေ ရွေ့လျားမှုကြောင့် မြေကျွံကျမှု ဖြစ်ပွားခဲ့တာလို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက စက်တင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။

ကံကောင်းထောက်မစွာနဲ့ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေတော့ မရှိခဲ့ကြောင်းနဲ့ လောလောဆယ်တော့ ပျက်စီးဆုံးရှုံးမှုက ပိုင်ဆိုင်မှုပစ္စည်းတွေပဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) ဟာ ပင်မရေပိုက် ကျိုးသွားလို့ မြေဆီလွှာ ရွေ့သွားတာကြောင့် မြို့တော်ရေလုပ်ငန်း အာဏာပိုင်အဖွဲ့ကို ရေဖြတ်တောက်ဖို့ အမိန့်ထုတ်ထားကြောင်းနဲ့ မြို့တော်လျှပ်စစ်အာဏာပိုင်အဖွဲ့ကိုတော့ လျှပ်စစ်မီးနဲ့ ကေဘယ်လ်ကြိုးတွေကို ဖြတ်တောက်ဖို့ တောင်းဆိုထားကြောင်း၊ အဲလိုမှမလုပ်ရင် လျှပ်စစ်ဓာတ်တိုင်တွေက တခြားဓာတ်တိုင်တွေကို ဆွဲချသွားလိမ့်မယ်လို့ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ချာချာ့ဒ် ဆီတီဖန်က ပြောဆိုပါတယ်။

ထိုင်းနိုင်ငံ လူထုအမြန်ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ (MRTA) ကိုတော့ မြေလွှာပြိုကျမှု ရပ်တန့်သွားစေဖို့နဲ့ လမ်းပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ဖို့ ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

BMA မြို့တော်အုပ်ချုပ်ရေးအဖွဲ့ဟာ တွင်းပေါက်ကြီးပတ်လည်ရှိ အဆောက်အဦတွေကိုလည်း အကဲဖြတ်နေတယ်လို့ ဆိုပါတယ်။

ဝချီရ ဆေးရုံဟာ အထပ်မြင့် အဆောက်အဦဖြစ်ပြီး မြေသားကွန်ကရစ်ကြားခံ ပါရှိတာကြောင့် စိုးရိမ်စရာ မရှိကြောင်းလည်း ပြောပါတယ်။

ဒါပေမဲ့ ဒီနေရာကို လာရောက်မယ့်လူတွေကို လျှော့ချဖို့အတွက် ပြင်ပလူနာလက်ခံမှုကို ၂ ရက်ကြာ ရပ်ဆိုင်းထားမှာဖြစ်ပြီး အတွင်းရှိ လူနာတွေကတော့ အဆင်ပြေနေတုန်းပဲလို့လည်း ဆိုပါတယ်။

မိုးရွာရင်တော့ စိတ်ပူရမှာဖြစ်ပြီး မိုးကြောင့် မြေဆီလွှာကို အနှောင့်အယှက် ဖြစ်စေနိုင်လို့ မြေအောက်အပြောင်းအရွှေ့တွေ ထပ်ဖြစ်ပေါ်နိုင်ကြောင်းလည်း ဆိုပါတယ်။

မိုးသည်းထန်စွာရွာမယ်လို့  ခန့်မှန်းထားတဲ့ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့တွေမှာ ရေစုပ်စက်တွေနဲ့ သိုင်းကြိုးတွေကို ပြင်ဆင်ထားဖို့ ဆည်မြောင်းဦးစီးဌာနကို တာဝန်ပေးထားတယ်လို့လည်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

ဆေးရုံကလည်း အဲဒီဖြစ်ရပ် ဖြစ်ပွားနေချိန်အတွင်း လူနာတွေကို လက်ခံမှာမဟုတ်ကြောင်း ကြေညာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ မွန်းတည့်ချိန်မှာတော့ အာဏာပိုင်တွေဟာ နောက်ထပ် မြေပြင်ရွေ့လျားမှု မဖြစ်ပွားတော့အောင် ရပ်တန့်ခဲ့ကြောင်း ပြောကြားလိုက်ပြီး အဲဒီနေရာကို အနီးကပ် စောင့်ကြည့်နေကြောင်းလည်း ဆိုပါတယ်။

မီတာ ၅၀ အနက် (၁၆၄ ပေ) ရှိပြီး စတုရန်းမီတာ ၉၀၀ လောက် ကျယ်ဝန်းတဲ့ ဝချီရ ဆေးရုံအရှေ့က တွင်းပေါက်ကြီးကို ထိန်းသိမ်းဖို့ ထိုင်းအာဏာပိုင်တွေ အမြန်ရောက်လာခဲ့ကြလို့ အခြေခံအဆောက်အအုံ ဝန်ဆောင်မှုတွေနဲ့ ယာဉ်ကြောအသွားအလာတွေ အနှောင့်အယှက် ဖြစ်ခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013