DVB Logo
Home
ဆောင်းပါး
အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာပြီ
DVB
·
September 25, 2025
အမေရိကန်တို့ ဘင်္ဂလားဒေ့ရှ်ထဲ ဝင်လာပြီ
Donate to DVB

ဘင်္ဂလားဒေ့ရှ်ရှိ မဟာဗျူဟာအရ အရေးပါသော စစ်တကောင်းဒေသအတွင်း အမေရိကန်တို့၏ စစ်ရေးလှုပ်ရှားမှုများ တွေ့လာရသဖြင့် အဆိုပါအရေးသည် ဘင်္ဂလားဒေ့ရှ်ကိုသာမက ပတ်ဝန်းကျင် နိုင်ငံများကိုပါ သက်ရောက်မှုများ ရှိလာနိုင်၍ စိုးရိမ်မကင်း ဖြစ်လာနေသည်ဟု အိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းစာတွင် စက်တင်ဘာ ၁၆ ရက်က သတင်းအဖြစ် ဖော်ပြလာခဲ့သည်။

အမေရိကန်လေတပ်၏ ခေတ်မီ နည်းဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီး ဖြစ်သော C-130J စူပါဟာကြူလီသည် ဂျပန်ရှိ ယိုကိုတာ လေတပ်အခြေစိုက်စခန်းမှနေ၍ စစ်တကောင်းရှိ ရှားအာမာနတ် နိုင်ငံတကာလေဆိပ်သို့ ဆင်းသက်လာခဲ့သည်။ ယင်းအား ဒေသအတွင်း အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုတရပ်အဖြစ် ရှုမြင်လာကြသည်။

အိန္ဒိယ အရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံအပါအဝင် ပြင်ပနိုင်ငံများက စိတ်ဝင်စားမှုများ ရှိလာနေသည့် သတင်းများ ထွက်ပေါ်လာချိန်တွင် အမေရိကန်စစ်လေယာဉ် ဆင်းသက်လာမှုသည် တိုက်ဆိုင်မှုမဟုတ်ဟု သတင်းစာက ရေးသားထားသည်။ အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ဆွဲဆောင်နေချိန်လည်း ဖြစ်သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်တွင် မိုဟာမက်ယူနွတ်စ် အာဏာရလာချိန်မှစ၍ အမေရိကန်စစ်တပ်သည် စစ်တကောင်းဒေသသို့ မကြာခဏဆိုသလို ရောက်လာကြသည်ကို တွေ့မြင်ခဲ့ရသည်။ အခြေအနေကို လေ့လာခြင်းလော၊ ပူးတွဲ စစ်ရေးလေ့ကျင့်ရန်အတွက်လော ဆိုသည်က သဲသဲကွဲကွဲ မသိရ၊ ပြီးခဲ့သည့် လအနည်းငယ်အတွင်းက Operation Pacific Angle-25 နှင့် စစ်တကောင်း ဒေသတွင် Tiger Lightning-2025 အမည်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း အမေရိကန်တပ်များ ထပ်ရောက်လာသည့်အတွက် စစ်တကောင်းဒေသတဝိုက် နောက်ထပ် စစ်ရေးလေ့ကျင့်မှုတရပ် ပြုလုပ်ရန် စီစဉ်နေသည်ဟု သတင်းအရင်းအမြစ်များက အသိပေးလာခဲ့သည်။ ပြီးခဲ့သည့်လအတွင်း ဒက္ကားရှိ ခေတ်မီ ဟိုတယ်ကြီးတခုအတွင်း အမေရိကန်အထူးတပ်ဖွဲ့ (လေကြောင်းချီ) ကွပ်ကဲရေးအရာရှိ သေဆုံးနေသည်ကို တွေ့ခဲ့ကြရသည်။

ဘင်္ဂလားဒေ့ရှ် စစ်ဖက်မှ ပူးတွဲ စစ်ရေးလေ့ကျင့်မှုမှလွဲ၍ အခြားအကြောင်းဖြင့် အမေရိကန်တို့ နိုင်ငံတွင်း ရောက်ရှိလာမှုကို စိတ်မသက်မသာ ဖြစ်နေကြသည်ဟုလည်း သိရသည်။

၂၀၂၄ သြဂုတ်လအတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ပြုတ်ကျသွားစေခဲ့သည့် လမ်းပေါ် တော်လှန်ရေးတွင် အမေရိကန်၏ ခြေရာလက်ရာ မကင်းဟု စွပ်စွဲမှုများလည်း ထွက်ပေါ်ခဲ့သည်။ ဟာဆီနာသည် စိန့်မာတင်ကျွန်းအား အမေရိကန်သို့ လွှဲပေးရန် ငြင်းဆိုခဲ့၍ ဖြစ်သည်ဟု ဆိုသည်ဟု ရေးသားထားသည်။

ထိုသတင်းသည် လွန်စွာ အထိခိုက်မခံသော သတင်းမျိုးဖြစ်၍ အကျယ်ချဲ့ မဆွေးနွေးလိုတော့၊ ငြင်းသူများကလည်း ငြင်းကြမည်၊ ဖုံးသူများကလည်း ဖုံးဖိကြပေတော့မည်။ အမေရိကန်သည် ပါကစ္စတန်စစ်တပ်ကို ၎င်းတို့၏ အာဖဂန်နစ္စတန်တွင် ဆင်နွှဲနေသော အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲ war on terror အတွက် လစဉ် ဒေါ်လာ သန်းရာနှင့်ချီ၍ ထောက်ပံ့ခဲ့ဖူးသည်။

နောက်တခု တင်ပြလိုသည်က ယခုလသည် ကုလသမဂ္ဂတွင် ကမ္ဘာ့ခေါင်းဆောင်များ စုဝေးပြီး Responsibility to Protect (R2P) မူဝါဒ ချမှတ်ခဲ့သည်မှာ အနှစ် ၂၀ ပြည့်မြောက်သွားခဲ့ပြီ ဖြစ်သည်။

၂၀၁၁ တွင် လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ရန်မှ အရပ်သားများကို ကာကွယ်ရန် တကြိမ်သာ အသုံးချခဲ့သေးသည်။

R2P ကို ချမှတ်ခဲ့သည့် ၂၀၀၅ တွင် ကမ္ဘာတဝန်းတွင် အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ စုစုပေါင်း ၃၇ သန်း ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၂၂ သန်းအထိ ရှိလာပြီဖြစ်သည်။

ယခုအခါ R2P သည် အရပ်သားပြည်သူများကို ကာကွယ်ရန် မဟုတ်တော့ဘဲ နိုင်ငံကြီးများ၏ မဟာမိတ် လုပ်ထားသူများနှင့် အကျိုးစီးပွားကို ကာကွယ်ရန်ဟု အဓိပ္ပာယ် ဖွင့်ဆိုနေကြပြီဟု R2P ၏ မူလ ဗိသုကာတဦးဖြစ်သည့် ထိုစဉ်က ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ လွိုက် အက်စ်ဝပ်သီက ညည်းတွားခဲ့သည်။

ယခုအခါ ပြင်သစ်နှင့် မက္ကဆီကိုတို့က လူအများအပြား အစုလိုက် အပြုံလိုက် သေဆုံးနေရသည့် အရေးအခင်းများတွင် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများအား ဗီတိုအာဏာသုံးခွင့် မပြုရေးကို ဦးဆောင် လှုပ်ရှားနေကြသည်။

လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေး အ‌ချေအတင် ဆွေးနွေးရာတွင် R2P ကို အကြိမ်ပေါင်း ၁၀၀ နီးပါးခန့် ထည့်သွင်း ပြောဆိုခဲ့ကြသော်လည်း အချည်းနှီးသာ ဖြစ်သည်ဟု ဆိုသည်။

ယခုအခါ တင်သမျှ အဆိုမှန်သမျှကို ရုရှား၊ တရုတ်၊ အမေရိကန်တို့က ဗီတိုသုံး ပယ်ချနေကြ၍ မတင်ပြချင်လောက်အောင် ဖြစ်နေကြသည်ဟု နယူးယောက်အ‌ခြေစိုက် R2P ဂလိုဘယ်စင်တာမှ အမှုဆောင်ဒါရိုက်တာ မစ္စက် ဆာဗီတာ ပွန်ဒေးက‌ ပြောပြခဲ့သည်။

R2P အရေးတကြီး လိုအပ်လာနေသည့် ယခုလိုအချိန်တွင် ပြန်လည်အသက်သွင်းနိုင်ရန် နယူးယောက်သို့ ရောက်လာကြမည့် ကမ္ဘာ့ခေါင်းဆောင်များ ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရကြောင်း အက်စ်ဝပ်သီက ဆိုသည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013