DVB Logo
Home
မြန်မာသတင်း
တပ်တွင်း ဆိုရှယ်မီဒီယာအသုံးပြုမှု ကြပ်မတ်ရန် စစ်ခေါင်းဆောင်ညွှန်ကြားမှု မထိရောက်နိုင်
DVB
·
September 24, 2025
တပ်တွင်း ဆိုရှယ်မီဒီယာအသုံးပြုမှု ကြပ်မတ်ရန် စစ်ခေါင်းဆောင်ညွှန်ကြားမှု မထိရောက်နိုင်
Donate to DVB

တပ်တွင်း လူမှုကွန်ရက်အသုံးပြုမှုတွေကို စစ်ဆေးကြပ်မတ်ဖို့ စစ်ခေါင်းဆောင်ညွှန်ကြားမှုဟာ အခုလို အချိန်အခါနဲ့ အခြေအနေအရ ထိရောက်မှု မရှိနိုင်ကြောင်း CDM တပ်မတော်သားတွေက ပြောပါတယ်။

“ဒီကနေ့ခေတ်ဟာ သတင်းမီဒီယာခေတ်ဖြစ်တာနဲ့အညီ လူမှုအသုံးပြုရာမှာ မိမိနဲ့ မိမိတို့ရဲ့ အဖွဲ့အစည်းကို ထိခိုက်စေနိုင်တဲ့ လုပ်ဆောင်ချက်တွေမဖြစ်အောင် အသိတရားနဲ့ အသုံးပြုသင့်ကြောင်း တာဝန်ရှိသူတွေကလည်း ထိန်းသိမ်းကြပ်မတ်ပေးဖို့ လိုအပ်ကြောင်း” ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်က တပ်နယ်မိသားစုတွေနဲ့ တွေ့ဆုံချိန်မှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

တပ်တွင်းသတင်းနဲ့ ဓာတ်ပုံတွေ ပေါက်ကြားတာ၊ စစ်တပ်အပေါ် အများပြည်သူတွေရဲ့ ဝေဖန်မှုတွေကို မမြင်တွေ့စေချင်တာတွေကြောင့် လူမှုကွန်ရက်အသုံးပြုမှုကို ကန့်သတ်ကြပ်မတ်စေတာဖြစ်ပေမဲ့ အခုလို အခြေအနေမှာ စစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားမှုက မထိရောက်နိုင်ဘူးလို့ CDM ဗိုလ်ကြီး လင်းထက်အောင်က မှတ်ချက်ပြုပါတယ်။

"မင်းအောင်လှိုင်ကတော့ ဆိုရှယ်မီဒီယာပေါ်မှာ ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေ ဆိုတာက သူတို့ အင်အားသုံးပြီး ဝါဒဖြန့်ချိမှုတွေ လုပ်သော်ငြားလည်း ထင်သလောက်မထိရောက်ဘူး၊ မထိရောက်တဲ့အပြင် သူတို့ အချင်းချင်းက ပြန်ပြီးတော့ ထွက်လာတဲ့ သတင်းတွေ ဓာတ်ပုံတွေ တချို့‌သော ဝေဖန်ချက်တွေက သူတို့ အသိုက်အဝန်းထဲက ထွက်လာတာ တော်တော်များတယ်။ ဒါကို ထိန်းကြပ်ချင်တဲ့ သဘောတရားလို့ ကျနော်က ယူဆပါတယ်။ ဒါပေမဲ့ ဒီဟာကို ဒီလိုထိန်းကြပ်လို့ အခုခေတ်ကြီးမှာ မရနိုင်တော့ဘူး။ သူတို့ ဘယ်လိုပဲ ပိတ်ပိတ် ဆိုရှယ်မီဒီယာကနေ တဆင့် အခုအခြေအနေတွေက တဆင့် သူတို့ အပုပ်သတင်းတွေကနေတော့ ဆက်တိုက် ထွက်ပေါ်လာနေဦးမှာပဲ၊။ သူတို့ ထိန်းကြပ်မှုတွေက ထင်သလောက် ရှေ့ကို မရောက်နိုင်ဘူးလို့ပဲ ကျနော်က မြင်ပါတယ်။”

စစ်ခေါင်းဆောင်ဟာ ၁၉ ရက်နေ့ မြိတ်ခရီးမှာ ပြောကြားခဲ့ပြီးနောက်မှာတော့ ဆိုရှယ်မီဒီယာတွေပေါ်မှာ စစ်တပ် ယူနီဖောင်းနဲ့တင်ထားတဲ့ ဓာတ်ပုံ၊ ပရိုဖိုင်စတာတွေကို စက်တင်ဘာ ၂၈ ရက်မတိုင်ခင် နောက်ဆုံးထား ဖြုတ်ချဖို့ကို စက်တင်ဘာ ၂၀ ရက်က တပ်တွင်းမှာ ညွှန်ကြားထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ DVB က သီးခြားအတည်မပြုနိုင်ပေမဲ့ စစ်တပ်က လူမှုကွန်ရက်အသုံးပြုမှုတွေကို အခြေအနေနဲ့လိုက်ပြီး ထိန်းချုပ်ကြပ်မတ်တာတွေ လုပ်ဆောင်တတ်ကြောင်းနဲ့ လူမှုကွန်ရက်ကနေ တပ်သတင်းတွေ ဆက်လက်ပေါက်ကြားနေနိုင်ကြောင်းကို CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောပါတယ်။

“အခြေအနေအချိန်ခါပေါ် မူတည်ပြီးတော့ ကြပ်မတ်တဲ့ပုံစံလည်း အမျိုးမျိုးရှိပါတယ်။ အထူးသဖြင့်တော့ ဖေ့ခ်ဘွတ်ခ်ပေါ်မှာ ဓာတ်ပုံတင်တာမျိုးရှိတယ်၊ ယူနီဖောင်းတွေနဲ့ ပုံမတင်နဲ့ ဆိုတာ ပြောတဲ့ဟာမျိုးက အရင်တည်းက အာဏာမသိမ်းခင်ကာလကတည်းက ရှိခဲ့တယ်ပေါ့။ အထူးသဖြင့်တော့ နာရေးကိစ္စလိုမျိုးတွေကို လိုင်းပေါ် မတင်စေချင်တာမျိုးတွေရှိတယ်။ နောက်တခုကတော့ စစ်မှုထမ်းသတင်း စစ်သတင်းလုံခြုံရေးတွေ သူတို့ လှုပ်ရှားနေတာကို မသိစေချင်တာ၊ အထူးသဖြင့် စစ်သားတွေဖြစ်တဲ့အတွက် သူတို့သတင်းတွေ ပေါက်ကြားမှာကို အရမ်းကြောက်တယ်။ ဒါပေမဲ့ အခုခေတ်က အွန်လိုင်း ဆိုရှယ်မီဒီယာလွယ်လွယ်ကူကူ သုံးစွဲလို့ရတယ်။ သူတို့ရဲ့ အခြေအနေတွေ ပြောချင်နေတဲ့ဟာမျိုးတွေက ဆိုရှယ်မီဒီယာကို သုံးလာတဲ့အတွက်ကြောင့် စစ်တပ်က သတင်းတွေလည်း ပြန်ပေါက်နေတယ်လို့ ယူဆတဲ့အပိုင်းတွေလည်း ရှိပါမယ်။”

အာဏာမသိမ်းခင်ကတည်းက တပ်တွင်းမိသားစုဝင်တွေရဲ ဆိုရှယ်မီဒီယာ ကိုယ်ပိုင်အကောင့်တွေကို တပ်တွင်းတာဝန်ရှိသူတွေက တောင်းယူထားပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်ဖူးကြောင်း သိရပါတယ်။ 

အာဏာသိမ်းပြီး နောက်မှာတော့ လူသုံးများတဲ့ ဖေ့ဘွတ်ခ်ပေါ်က စစ်တပ်အကဲအကြီးတွေရဲ့ အကောင့်တွေ ဖြုတ်ချခံလိုက်ရတဲ့အတွက် စစ်တပ်ပိုင် အပ်ပလီကေးရှင်းတွေကိုသုံးကြဖို့ ညွှန်ကြားခဲ့ပါသေးတယ်။

လက်ရှိအချိန်မှာတော့ တပ်တွင်းအသုံးပြုမှုများတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတွေကတော့ ဖေ့စ်ဘွတ်ခ်၊ တစ်တော့ နဲ့ ယူကျု့တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013