
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ဒီကနေ့ စက်တင်ဘာ ၇ ရက် မနက်ပိုင်းက မယ်ဆိုင်ချောင်းရေကို ကာထားတဲ့ တာဘောင်တွေ ကျိုးကျပြီး ရပ်ကွက်ထဲ ရေတွေ ဝင်ရောက်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးများနေတဲ့ မိုင်းဆတ်က ချောင်းရေတွေ ဆင်းလာတာကြောင့် မယ်ဆိုင်ချောင်းရေကို ကာထားတဲ့ တာချီလိတ်မြို့ မကာအိုဆန်းရပ်ကွက် ပြည်သူ့စစ်ဂိတ်က တာဘောင်နဲ့ တာလော့ရပ်ကွက်က တာဘောင်တို့ ကျိုးကျပြီး အဲဒီရပ်ကွက်နှစ်ခုလုံး ရေဝင်လာပေမဲ့ မိနစ်အနည်းငယ်အတွင်းမှာပဲ ရေပြန်ကျသွားတာလို့ ဆိုပါတယ်။
တာချီလိတ်ဒေသခံတယောက်က “ရေကြီးတာ မဟုတ်ဘူး၊ တာကျိုးတာ။ သဲအိတ်နဲ့ကာထားတဲ့ တာဘောင်တွေ ကျိုးပြီး ရေက ဝေါခနဲပဲ ရပ်ကွက်တွေထဲ ဝင်လာတာ။ ပြီးတော့ ၁၅ မိနစ်လောက်နေတော့ ရေပြန်ကျသွားတာတယ်။ မကာအိုဆန်း ပြည်သူ့စစ်ဂိတ်မှာ တခုနဲ့ တာလော့ရပ်ကွက် KBZ ဘဏ်လမ်းက ချောင်းဘေးမှာ ကာထားတဲ့ တာ တခုပေါ့။ ဘာမှတော့ မဖြစ်သွားဘူး။ ရေက ချက်ချင်းတက်လာပြီးတော့ ချက်ချင်းပြန်ဆင်းသွားတာ” လို့ DVB ကို ပြောပါတယ်။
မိုင်းဆတ်မှာ မိုးများပြီး တောင်ကျရေနဲ့ ချောင်းရေလျှံတာတွေကြောင့် မယ်ဆိုင်ချောင်း ရေကြီးလာပြီး မယ်ဆိုင်တံတားနဲ့ တပေဝန်းကျင်အလိုမှာ တာဘောင်တွေ ကျိုးကျသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “တံတားနဲ့က တပေလောက်ပဲ လိုတော့တယ်လေ။ အဲဒီမှာ သဲအိတ်တွေနဲ့ ကာထားတဲ့တာ ကျိုးသွားတာ။ အပေါ်က မိုင်းဆတ်ဘက်က ရေဆင်းလာတာ။ မိုးရွာတာက တာချီလိတ်မှာ မဟုတ်ဘူး။ မိုင်းဆတ်ဘက်က ရေဆင်းလာတာ။ တံတားက မမြုပ်နိုင်ဘူး။ အခု ရေက တံတားနဲ့ လွတ်သွားပြီ။ တာကတော့ လောလောဆယ် မပြင်သေးဘူး။ သဲအိတ်တွေ ဆင့်တာပေါ့၊ ရေဒဏ်ကို မခံနိုင်ဘဲ ကျိုးတာ” လို့ ပြောပါတယ်။
ရုတ်တရက် ရေကြီးလာတာကြောင့် မြန်မာ-ထိုင်းနယ်စပ်က မယ်ဆိုင်ချောင်းရေဟာ ၃၉၀ စင်တီမီတာအထိ ရောက်ရှိခဲ့ပြီး တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်ခြမ်းက နယ်စပ်ရပ်ကွက်တွေ ရေဝင်ခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့မှာတော့ အခုနှစ် မေလ၊ ဇွန်လနဲ့ ဇူလိုင်လတွေမှာ မိုးသည်းထန်ရွာသွန်းပြီး တောင်ကျရေတွေနဲ့ မယ်ဆိုင်ချောင်းရေ လျှံတက်မှုကြောင့် ရေကြီးရေလျှံခဲ့ပါသေးတယ်။











