DVB Logo
Home
မြန်မာသတင်း
AA ဖမ်းဆီးထားသည့် BNA သတင်းထောက် မုဒြာကို ပြန်လွှတ်ရန် CPJ တောင်းဆို
DVB
·
September 24, 2025
AA ဖမ်းဆီးထားသည့် BNA သတင်းထောက် မုဒြာကို ပြန်လွှတ်ရန် CPJ တောင်းဆို
Donate to DVB

အာရက္ခတပ်တော် (AA)က ဖမ်းဆီးထားတဲ့  ရခိုင်အမျိုးသမီးသတင်းထောက် မုဒြာကို  အမြန် ဆုံး ပြန်လွှတ်ပေးဖို့ နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေးကော်မတီ (CPJ) က စက်တင်ဘာ ၂၃ ရက်စွဲနဲ့ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

မောင်တောအခြေစိုက် Border News Agency (BNA) သတင်းဌာနရဲ့သတင်းထောက် မုဒြာကို အာရက္ခတပ်တော် (AA) ထောက်လှမ်းရေးအဖွဲ့က စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာလို့  Border News Agency အယ်ဒီတာအဖွဲ့က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ထားခဲ့တာပါ။

CPJ  ရဲ့ အကြီးတန်း အရှေ့တောင်အာရှဒေသဆိုင်ရာ ကိုယ်စားလှယ် ရှောင်ခရစ္စပင်က “မြန်မာပြည်တွင်းစစ်အတွင်းက တိုက်ပွဲဝင်သူအားလုံးမှာ သတင်းသမားတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ သတင်းယူတာကို ကာကွယ်ဖို့နဲ့ ပစ်မှတ်မထားဖို့ တာဝန်ရှိပါတယ်။ အာရက္ခတပ်တော် (AA) အနေနဲ့ သတင်းထောက် မုဒြာကို အခုပဲ လွှတ်ပေးပြီး ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်ပြီး သတင်းထောက်အားလုံးကို လွတ်လပ်စွာ သတင်းပို့ခွင့်ပေးရပါမယ်” လို့ ပြောပါတယ်။

Border News Agency (BNA) ကတော့ အမျိုးသမီးသတင်းထောက်မုဒြာကို AA အဖွဲ့ရဲ့ ထောက်လှမ်းရေးရုံးမှာ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

သူဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်မှာတော့ သတင်းထောက် မုဒြာနဲ့ ပတ်သက်ပြီး နားလည်မှုလွှဲမှားနေတာမျိုးတွေရှိရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အနေနဲ့ ရှေ့နောက် အမြော်အမြင်ရှိစွာ၊ သဘောထားကြီးစွာနဲ့ အပြုသဘောဆောင် နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လာရောက်ခေါ်ဆောင်သွားကြသူတွေ အနေနဲ့လည်း မိသားစုဝင်တွေရဲ့ စိုးရိမ် ပူပန်မှုအပေါ် လူသားချင်းစာနာမှုအရ၊ နိုင်ငံတကာဥပဒေတွေကို အလေးထားပြီးတော့ ပြန်လည်ပို့ဆောင်ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းပေမဲ့လည်း သတင်းထုတ်ချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

စက်တင်ဘာ ၉ ရက်က မောင်တောမြို့နယ်၊ သီဟိုဠ်အေးကျေးရွာရှိ မြိုတိုင်းရင်းသား ကလေးငယ်တွေ မပြည့်မစုံနဲ့ ပညာသင်ကြားနေရလို့ အကူအညီလိုအပ်နေတဲ့ ရုပ်သံသတင်းကို ရေးသားဖော်ပြတာကြောင့် သတင်းထောက် မုဒြာကို မေးမြန်းဖို့ ခေါ်ဆောင်သွားတာလို့ BNA သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို ထောင်သွင်းအကျဥ်းချမှု တတိယ အများဆုံးနိုင်ငံဖြစ်ပြီး အာဏာသိမ်း ၄ နှစ်ကျော်ကာလမှာ စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ သတင်းသမား ၂၀၀ ကျော်ထဲမှာ နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်ခံထားရတဲ့ သတင်းသမား ၈၈ ယောက်ရဲ့ ပြစ်ဒဏ်စုစုပေါင်းဟာ ၄၉၇ နှစ်ရှိတယ်လို့ နိုင်ငံပေါင်း ၁၀၀ ကျော်က လူမှု အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တရားဥပဒေဆိုင်ရာမြှင့်တင်ချက်တွေ လုပ်ဆောင်နေတဲ့ The International Center for Not-for-Profit Law (ICNL) အဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013