
မကွေးတိုင်း မြိုင်မြို့နယ်မှာ ဇွန် ၂၃ ရက် ညနေပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ Mi17 ရဟတ်ယာဉ်အပျက်ကို ဇွန် ၂၆ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က ပြန်သယ် ယူသွားကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
မြိုင်တောင်ပိုင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “တွင်းမရွာနားမှာ တိုက်ခိုက် ခံရလို့ ပျက်စီးသွားတဲ့ ရဟတ်ယာဉ်ကို ညနေ ၃ နာရီကျော်လောက်မှာ တွဲကားကြီးပေါ်တင်ပြီး ပခုက္ကူတပ်မ ၁၀၁ ထဲကို ပြန်သယ်သွားပါတယ်” လို့ ပြောပါတယ်။
ဇွန် ၂၅ ရက် ညနေပိုင်းကတည်းက လမ်းပိုင်းလုံခြုံရေးတွေ အထပ်ထပ်ချပြီး Mi17 ရဟတ်ယာဉ် ကို သယ်ယူနိုင်ရေးကြိုးစားနေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အမည်မဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “၂၅ ရက်နေ့ ညနေပိုင်းမှာ ပခုက္ကူ-ကမ္မဘက်က တွင်းမအထိ လမ်းပိုင်းလုံခြုံရေးတွေ အင်အားအများကြီး လိုက်ချထားပြီး တော့မှ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ ပခုက္ကူတပ်မ ၁၀၁ ကနေ ဖောကား ၃ စီး၊ ၁၀ ဘီး ၃ စီး၊ တွဲကား ၁ စီး၊ ကရိန်းကားကြီး ၁ စီး၊ Doublecub ၁ စီးတို့နဲ့ လာသယ်သွားကြတာ။ ကျနော်တို့တွေလည်း ပင်ပန်းနေတာရယ်။ သူတို့ဘက်က အခုလာတဲ့ယာဉ်တန်းမှာ Jummer တွေ ကောင်းလွန်းနေလို့ ဒရုန်းမလွှတ်တော့ဘဲ မိုင်းတွေပဲ ဆွဲလိုက်ကြတယ်။ ပေပါမိုင်းတွေတောင် ပါတယ်။ သူတို့ကားတွေ မိုင်းတွေမိတဲ့ကြားကနေ ရအောင် သယ်သွားကြတာ။ ရဟတ်ယာဉ်မှာက ပထမဒရုန်းနဲ့ ရဟတ်ယာဉ်ရဲ့နောက် အောက်ပိုင်းကို ဝင်တိုးလိုက်တော့ အမြီးနဲ့ ဘယ်ဘက်ဘီးတွေ နဲ့ထိတယ်။ ဒုတိယဒရုန်းကြောင့် အင်ဂျင် ၂ လုံးစလုံး ထိသွားပြီး အတော်လေးပျက်စီးသွား ခဲ့တာပါ” လို့ DVB ကို ပြောပါတယ်။
အညာဒေသမှာရှိကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အခုလို စုဖွဲ့မှုကောင်းကောင်း အချိတ် အဆက်မိမိနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်ရင် စစ်အာဏာရှင်ကို အမြန်ဆုံး အမြစ်ဖြတ် နိုင်မှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အထိနာထားတဲ့စစ်တပ်ဟာ ပျက်စီးသွားတဲ့ရဟတ်ယာဉ်ကို ပြန်လည်သယ်ယူပြီးနောက်ပိုင်း ရဟတ်ယာဉ် တိုက်ခိုက်ခံရတဲ့နေရာကို မြေပြင်စစ်ကြောင်းထိုးတာတွေ ထပ်လုပ်လာနိုင်တာ ကြောင့် ဒေသခံတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ သတိနဲ့နေထိုင်ကြဖို့လည်း တော်လှန်ရေး တပ်ဖွဲ့တွေဘက်က သတိပေးတိုက်တွန်းထားပါတယ်။










