DVB Logo
Home
မြန်မာသတင်း
ရခိုင်အမျိုးသမီးသတင်းထောက် ၁ ဦးကို AA ဖမ်းဆီး
DVB
·
September 24, 2025
ရခိုင်အမျိုးသမီးသတင်းထောက် ၁ ဦးကို AA ဖမ်းဆီး
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောအခြေစိုက် Border News Agency (BNA) သတင်းဌာနရဲ့ ရခိုင်အမျိုးသမီး သတင်းထောက်တယောက်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ထောက်လှမ်းရေးအဖွဲ့က စက်တင်ဘာ ၂၀ ရက် မနက် ၁၁ နာရီကျော်မှာ မောင်တောမြို့ရှိ သူ့ရဲ့နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားတယ်လို့ BNA က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသမီးဟာ BNA သတင်းဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ သတင်းထောက် မုဒြာ ဖြစ်ပြီး လက်ရှိမှာတော့ မောင်တောမြို့ရှိ ULA/AA ထောက်လှမ်းရေးရုံးမှာ စစ်ဆေးခံနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ ရက်က မောင်တောမြို့နယ်၊ သီဟိုဠ်အေးကျေးရွာရှိ မြိုတိုင်းရင်းသား ကလေးငယ်တွေ မပြည့်မစုံနဲ့ ပညာသင်ကြားနေရလို့ အကူအညီလိုအပ်နေတဲ့ ရုပ်သံသတင်းကို ရေးသားဖော်ပြတာကြောင့် သတင်းထောက် မုဒြာကို မေးမြန်းဖို့ ခေါ်ဆောင်သွားတာလို့ BNA သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုကောင်းမြတ်နိုင်က ပြောပါတယ်။

“မနေ့ကတော့ သူ့အဖေကို ခဏလေး တွေ့ခွင့်ပေးပါတယ်။ သူ့မိဘတွေကတော့ စိုးရိမ်နေကြတာပေါ့။ ULA/AA ကတော့ သူ့ကို မေးစရာရှိတယ်ဆိုပြီး ခေါ်သွားလို့ရပါတယ်။ ဒါပေမဲ့ မေးပြီးရင် ပြန်လွှတ်ပေးရမှာပေါ့။ အဲဒီလိုမျိုး အမျိုးသမီးတယောက်ကို ၂ ရက် ၃ ရက် ခေါ်ထားပြီး မေးမြန်းနေတာက အဆင်မပြေဘူးလေ။ သူတို့အနေနဲ့ အစိုးရလို့သတ်မှတ်ရင် သူတို့အုပ်ချုပ်နယ်မြေမှာရှိတဲ့ သတင်းထောက်တွေ အကုန်လုံးကို တန်းတူအခွင့်အရေး ပေးပြီးတော့ ကာကွယ်စောင့်ရှောက်ရမယ်။ တန်းတူ သတင်းယူခွင့် သွားလာခွင့်တွေ ပေးရမှာပေါ့။ သူတို့ကောင်းတာပဲ ရေးနေတဲ့ သတင်းထောက်တွေကိုပဲ ခေါ်မယ်၊ သူတို့ရဲ့ အားနည်းချက်တွေ၊ လိုအပ်ချက်တွေကို ထောက်ပြဝေဖန်တဲ့ သတင်းထောက်တွေကို ဖမ်းဆီးမယ် ဆိုတာဟာ အစိုးရရဲ့ လုပ်ရပ်မဟုတ်ဘဲ အကြမ်းဖက်ဆန်နေမှာပေါ့။”

ခုလို ခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး အမြန်ဆုံးပြန်လွှတ်နိုင်အောင် နိုင်ငံတကာ သတင်းမီဒီယာကောင်စီတွေကိုလည်း အကူအညီတောင်းပြီးတော့ လုပ်နိုင်တာ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့နယ်မြေ ဖြစ်တာကြောင့် စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေနဲ့ ပြည့်နှက်နေတာပါ။

ဒါပေမဲ့လည်း ရခိုင်က သတင်းထောက်တွေ သတင်းယူရာမှာ ကန့်သတ်ချက်တွေ များစွာရှိနေပြီး လွတ်လပ်စွာ သတင်းယူခွင့် ပြုသင့်တယ်လို့ မြေပြင်မှာ သတင်းရယူနေတဲ့ သတင်းထောက် တယောက်က ပြောပါတယ်။

“မြေပြင်ကွင်းဆင်း သတင်းယူတဲ့အခါမှာ အဓိက လုံခြုံရေးက စိန်ခေါ်မှုနေရာရှိတယ်။ ပြီးတော့ အကန့်အသတ်တွေလည်း ရှိနေတော့ အချိန်နဲ့တပြေးညီ သတင်းရယူဖို့အတွက် အခက်အခဲတွေ ရှိနေတယ်။ ဥပမာ ဗုံးကြဲမှုဖြစ်စဉ်တခု ဖြစ်တယ်ဆိုရင် အဲဒီနေရာကို သွားရောက် သတင်းယူတဲ့အချိန် ချက်ချင်းမရယူနိုင်ဘူး။ ကန့်သတ်ချက်တွေ များနေသေးတယ်။ ဒါက ပြည်သူတွေရဲ့ နား၊ မျက်စိတွေကို ပိတ်ထားရာရောက်တယ်။ ဒါတွေကိုလည်း အာရက္ခပြည်သူ့အစိုးရဘက်က ဖြေလျှော့ပေးသင့်တယ်။ သတင်းယူဖို့လာရင် သူ့အလုပ်ကိုသူ အချိန်နဲ့တပြေးညီ လုပ်ခွင့်ပြုဖို့ကိစ္စတွေပေါ့။”

တဖက်မှာလည်း ULA/AA အနေနဲ့ သတင်းထောက်တွေကို ဖမ်းဆီးနေတာတွေ၊ သတင်းရယူပိုင်ခွင့် တားမြစ်ပိတ်ပင်နေတာတွေကို ဖြေလျှော့ဖို့ လိုအပ်တယ်လို့ Western News သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက ပြောပါတယ်။

“ရခိုင်ပြည်နယ်မှာက လက်ရှိအချိန်က သတင်းလောကအတွက် ဆုံးရှုံးမှုတွေ အများကြီးရှိနေတယ်။ မြေပြင်က သတင်းထောက်တွေ၊ သတင်းဌာနတွေ အင်တာဗျူးတဲ့အခါမှာလည်း အပေါ်ကနေ ပိတ်ပင်ထားတဲ့ အချက်တွေလည်း အများကြီးရှိတာကို တွေ့ရတယ်။ ဒီသတင်းထောက်တွေကို နား၊ မျက်စိ ပိတ်တာတွေက ပြည်သူတွေကို ပိတ်တာနဲ့ အတူတူပဲ။ အရေးကြီးတဲ့တချက်ကတော့ ဒေသခံတွေကို အင်တာဗျူးတွေ ပေးမဖြေခိုင်းတာပေါ့နော်။ ဒါ ကျနော်တို့အတွက် စိန်ခေါ်မှုလည်း ဖြစ်တယ်။ ULA/AA က ဒီလိုပိတ်ပင်မှုတွေကို ဖြေလျှော့ဖို့လိုတယ်။ ပြန်ပြီးတော့ စဉ်းစားပေးဖို့ လိုတယ်။ သတင်းလွတ်လပ်ပိုင်ခွင့်နဲ့ သတင်းရယူပိုင်ခွင့်တွေ သတင်းထောက်တွေအပေါ်မှာ တင်းကျပ်ထားတာတွေကို ဖြေလျှော့ပေးဖို့ လိုတယ်။ သတင်းယူပိုင်ခွင့်တွေကိုလည်း အတားအဆီးမရှိ ဖွင့်လှစ်ပေးထားဖို့လိုတယ်။”

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ AA ရဲ့ ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းပေမဲ့လည်း သတင်းထုတ်ချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

တဖက်မှာလည်း သတင်းထောက် မုဒြာကို အမြန်ဆုံးလွှတ်ပေးဖို့ သတင်းမီဒီယာ အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ဒီမိုကရေစီကို တန်ဖိုးထား လေးစားတဲ့ အာရက္ခတပ်တော် (AA) အနေနဲ့ သတင်းမီဒီယာသမားတွေရဲ့ အခွင့်အရေးတွေကို လေးစားတန်ဖိုးထားပြီး မရှိမဖြစ်လိုအပ်တဲ့ သတင်းထောက်တွေရဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့ ပံ့ပိုးပေးတဲ့အနေနဲ့ စံနမူနာပြနိုင်မယ်လို့ ယုံကြည်ကြောင်း လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) က ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013