DVB Logo
Home
မြန်မာသတင်း
ပန်းတနော်မြို့နယ်၌ ၅ တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှုကို ရဲစခန်းက အမှုဖွင့်မပေး 
DVB
·
September 23, 2025
ပန်းတနော်မြို့နယ်၌ ၅ တန်းကျောင်းသူ အဓမ္မပြုကျင့်ခံရမှုကို ရဲစခန်းက အမှုဖွင့်မပေး 
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်မှာ G-5 တက်နေတဲ့ ၅ တန်းကျောင်းသူ မိန်းကလေးငယ်တယောက် ရွာသားတယောက်က အဓမ္မပြုကျင့်ခဲ့တဲ့အပေါ်  နစ်နာသူတွေဘက်က ရဲစခန်းတိုင်ပေမဲ့ အမှုမဖွင့်ပေးလို့ ကာယကံရှင်တွေ နစ်နာနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဓမ္မပြုကျင့်ခံရသူဟာ ပန်းတနော်မြို့နယ်၊ ပေါ်တော်မူကျေးရွာက မူလတန်းကျောင်းမှာ G-5 တက်ရောက်နေတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတယောက် ဖြစ်ပါတယ်။ ကျူးလွန်သူအဖြစ် စွပ်စွဲခံရသူကတော့  အသက် ၅၇ နှစ်အရွယ် ပန်းတနော်မြို့နယ်၊ ရွှေလှေလောင်းကျေးရွာအုပ်စု၊ ရွှေသောင်ကျေးရွာက ဦးအုန်းနိုင်ဖြစ်ပြီး သြဂုတ် ၁၇ ရက်က မိန်းကလေးငယ်ကို ခိုးယူကာ အဓမ္မပြုကျင့်ပြီး သြဂုတ် ၁၉ ရက်မှာ မိဘတွေဆီ ပြန်ပို့ခဲ့တာလို့ သိရပါတယ်။

ဖြစ်စဉ်ကို သိရှိသူတယောက်က “ကလေးက ကျောင်းသူလေးပါ။ ပြီးခဲ့တဲ့ သြဂုတ် ၁၇ ရက်က ပျောက်သွားတာ။ ကလေးကို ခိုးယူပြီး ပြုကျင့်သူက ၁၉ ရက်နေ့မှာ လာပြန်ပို့တာ။ ကလေးရဲ့ အဘိုးဖြစ်သူက ရဲစခန်းမှာ သွားတိုင်တာ။ ငွေမရှိတော့ ရဲတွေက အလုပ်မလုပ်ပေးတာ” လို့ ပြောပါတယ်။

ဦးအုန်းနိုင်ကို အမှုဖွင့် အရေးယူပေးဖို့ မိန်းကလေးငယ်ရဲ့ အဘိုးဖြစ်သူ ဦးဝင်းစိုးက ပန်းတနော်မြို့နယ်၊ ခနွဲ့ဘိုနယ်မြေရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပေမဲ့ စက်တင်ဘာ ၂၁ ရက်အထိ အမှုပေးမဖွင့်ဘူးလို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့နီးစပ်သူက “နစ်နာသူတွေဘက်က ဆင်းရဲတယ်၊ နောက်အားမရှိဘူး။ ဒီလိုအခြေအနေဆို စစ်ကောင်စီရဲတွေက လုပ်ကိုင်မပေးဘူး။ ငွေပြည့်စုံတဲ့သူလောက်ပဲ အားတက်သရော လုပ်ပေးတာ။ အမှုဖွင့်ပေးဖို့ ပြောတာ ၄ ကြိမ်ထက်မနည်းဘူးလို့ သိရတယ်။ သက်သေခေါ်လာဖို့၊ မိဘအုပ်ထိန်းသူကိုယ်တိုင် လာဖို့၊ အမှုကိုင်ရဲ ခရီးသွားနေတာတို့ ပြောပြီး ငြင်းပြီး တိုင်ကြားမှုကို လက်မခံခဲ့တာ” လို့ ပြောပါတယ်။

ကျူးလွန်သူကို အရေးယူပေးဖို့ သြဂုတ်လအတွင်း ၃ ကြိမ်၊ စက်တင်ဘာလအတွင်း တကြိမ် ပန်းတနော်မြို့နယ်၊ ခနွဲ့ဘိုနယ်မြေရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပေမဲ့လည်း လက်မခံတာလို့ သိရပါတယ်။

ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ပန်းတနော်မြို့နယ်ရဲတပ်ဖွဲ့နဲ့ ကျူးလွန်သူအဖြစ် စွပ်စွဲခံရသူတွေဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိပါဘူး။ 

စက်တင်ဘာ ၁၁ ရက်ကလည်း ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင့်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာမှာ ၇ တန်းကျောင်းသူ​တယောက် အဓမ္မပြုကျင့်ခံရပြီး ကျူးလွန်သူ အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013