DVB Logo
Home
မြန်မာသတင်း
VOA အမှု အပြီးသတ်တရားရုံးဆုံးဖြတ်မိန့် မကြာမီ ထွက်ပေါ်လာဖွယ်ရှိ
DVB
·
September 23, 2025
VOA အမှု အပြီးသတ်တရားရုံးဆုံးဖြတ်မိန့် မကြာမီ ထွက်ပေါ်လာဖွယ်ရှိ
Donate to DVB

VOA အမှု အပြီးသတ် တရားရုံးဆုံးဖြတ်မိန့် မကြာခင် ထွက်ပေါ်လာနိုင်ပြီး ထရမ့်ပ်အစိုးရဘက်ကလည်း အယူခံဆက်တက်သွားမယ့် အခြေအနေ ရှိနေပါတယ်။

VOA ဝန်ထမ်းတွေရဲ့ အမှုနဲ့ပတ်သက်ပြီး ဧပြီလမှာ ဒီစီ ဖက်ဒရယ်တရားသူကြီး လန်းဘတ် ဆုံးဖြတ်ခဲ့တဲ့ ကနဦး တားမြစ်အမိန့်ကို ပယ်ဖျက်ပေးဖို့ ထရမ့်ပ်အစိုးရအဖွဲ့ဘက်က တင်သွင်းထားတဲ့ အယူခံကို ဒေသစံတော်ချိန် စက်တင်ဘာ ၂၂ ရက်မှာ ဒီစီအယူခံတရားရုံးက ကြားနာစစ်ဆေးခဲ့တာပါ။

ဧပြီ ၂၂ ရက်က ထုတ်ပြန်ခဲ့တဲ့ တရားသူကြီး လန်းဘတ်ရဲ့ ထရမ့်ပ်အစိုးရလက်ထက် USAGM ရဲ့ ဆောင်ရွက်ချက်တွေအပေါ် ကနဦးတားမြစ်မိန့်မှာ VOA အချိန်ပြည့်ဝန်ထမ်း၊ နှစ်အလိုက် စာချုပ်နဲ့ ငှားထားတဲ့ ဝန်ထမ်းတွေအားလုံး လုပ်ငန်းခွင်ပြန်ဝင်ဖို့၊ အေဂျင်စီက ထောက်ပံ့ထားတဲ့ RFA/RFE တို့ အပါအဝင် တခြားအသံလွှင့်လုပ်ငန်းတွေအတွက် လွှတ်တော်က ချမှတ်ပေးထားတဲ့ ဘတ်ဂျက်အတိုင်း ဆက်ပြီးပေးဖို့၊ လွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ VOA အသံလွှင့်လုပ်ငန်းတွေ ပြန်ပြီးလည်ပတ်ဖို့ စတဲ့ အချက် ၃ ချက်ကို ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ VOA ဝန်ထမ်းတွေ လုပ်ငန်းခွင်ပြန်ဝင်ရေးနဲ့ ပတ်သက်တဲ့ အပိုင်းတခုတည်းကိုပဲ အယူခံတရားရုံးမှာ ကြားနာခဲ့တာ ဖြစ်ပါတယ်။

ဗီအိုအေဝန်ထမ်းတွေရဲ့ရှေ့နေ David Seideက “တရားသူကြီး လန်းဘတ်ရဲ့ မူလအမိန့်ဖြစ်တဲ့ ဝန်ထမ်းတွေကို လုပ်ငန်းခွင်ထဲ ပြန်ဝင်ခွင့်ပေးဖို့ ကိစ္စကို ဒီနေ့မှာ အခြေခံအချက်အဖြစ် ကြားနာခဲ့တာပါ။ ဒီအချက်က ဧပြီ ၂၂ ရက်နေ့တုန်းက တရားသူကြီး လန်းဘတ် ကနဦး ထုတ်ပြန်ခဲ့တဲ့ တားမြစ်အမိန့် ဖြစ်ပါတယ်” လို့ ပြောပါတယ်။

VOA အသံလွှင့်လုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့ဆိုတဲ့ အပိုင်းကိုတော့ ထရမ့်ပ် အစိုးရဘက်က အယူခံမဝင်ထားသလို လက်ရှိအချိန်အထိ ပုံမှန်လည်ပတ်ကြောင်း ခိုင်လုံမှုလည်း မပြနိုင်သေးပါဘူး။

VOA’s White House Bureau Chief Patsy Widakuswara က “အမှုအသွားအလာက ရှည်ကြာပြီး နှေးကွေးသလိုဖြစ်နေတာ ကျမတို့ သိပါတယ်။ ဒါပေမဲ့ ဒီနေ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကျမတယောက်တည်း ခံစားမှုအရ ဆိုရင်တော့ ကောင်းပါတယ်” လို့ ပြောပါတယ်။

Kathryn Neeper - Director of Strategy and Performance Assessment က “ဒီနေ့ရုံးချိန်းကတော့ ကျမတို့အားလုံးအတွက် စိတ်ဝင်စားစရာ အတွေ့အကြုံသစ်တွေကို ရပါတယ်။ တရားသူကြီး ၃ ယောက်မှာ ၂ ယောက်က တကယ့်ကို တက်တက်ကြွကြွနဲ့ မေးခွန်းတွေ မေးခဲ့ပါတယ်။ နောက်ဆုံး ဆုံးဖြတ်ချက် ဘယ်လိုဖြစ်လာမယ် မသိသေးပေမဲ့ သူတို့ တကယ့်ကို စေ့စပ်တိုင်ပင်နေတာ၊ အမှုကို အမှန်တကယ် စိတ်ဝင်တစားရှိနေတာ တွေ့ရပါတယ်” လို့ ပြောပါတယ်။

VOA အမှုနဲ့ပတ်သက်ပြီး ဒီစီဖက်ဒရယ်တရားသူကြီးက မကြာခင်အချိန်အတွင်းမှာ အပြီးသတ် အမိန့်ချလာဖို့ ဝန်ထမ်းတွေဘက်က မျှော်လင့်နေပါတယ်။

အပြီးသတ်အမိန့် ထွက်လာရင်တောင် ထရမ့်ပ်အစိုးရဘက်က အယူခံအဆင့်ဆင့် ထပ်တက်နိုင်တာကြောင့် အမှုဟာ နောက်ထပ် အချိန် အနည်းဆုံး ၃ လကနေ ၆ လအထိ ကြာမြင့်ဦးမယ့် အခြေအနေ ဖြစ်ပါတယ်။

VOA မြန်မာပိုင်း အစီအစဉ်တင်ဆက်သူ မအင်ကြင်းနိုင်က “တရားသူကြီး လန်းဘတ် ဦးဆောင်စစ်ဆေးနေတဲ့ ကျမတို့ VOA အမှုနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ချက် ဒီတပတ် ဒါမှမဟုတ် နောက်တပတ်အတွင်း ထွက်လာဖို့ ကျမတို့ မျှော်လင့်ထားတယ်။ ဒီလာမယ့် ဗုဒ္ဓဟူးနေ့မှာ VOA ဝန်ထမ်းတွေရဲ့ ရှေ့နေတွေက ဒီစီဖက်ဒရယ်တရားရုံးမှာ နောက်ဆုံး အပြီးသတ်လျှောက်လဲမယ်၊ ဒါပြီးရင် တရားသူကြီးရဲ့ အဓိကဆုံးဖြတ်ချက်လာဖို့ ကျမတို့ အဲဒါကို မျှော်လင့်ထားပါတယ်” လို့ ပြောပါတယ်။

ထရမ့်ပ်အစိုးရလက်ထက် USAGM အေဂျင်စီက ၀န်ထမ်းတွေဆီကို ပို့ထားတဲ့ အလုပ်ဖြုတ်စာတွေကို ရပ်ဆိုင်းထားပေးဖို့ VOA ဝန်ထမ်းတွေရဲ့ ရှေ့နေတွေက တရားရုံးကို အဆိုပြုထားပါတယ်။

ရှေ့နေတွေရဲ့ အဆိုပြုလွှာမှာ ထရမ့်ပ်အစိုးရဘက်က ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ တရားရုံးက ကြားနာစိစစ်နေတဲ့အချိန်အတွင်း ဝန်ထမ်းတွေကို အလုပ်ထုတ်တာမျိုး လုပ်လို့မရအောင် တရားသူကြီးက အချိန်မီဆုံးဖြတ်ပေးဖို့ ဖော်ပြထားပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013