
လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က စွဲချက်တင်လိုက်ပါတယ်။
အသက် ၈၀ ရှိပြီဖြစ်တဲ့ သမ္မတဟောင်းဟာ မူးယစ်စစ်ပွဲခေါင်းစဉ်အောက်မှာ အသေးစား မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေနဲ့ တခြားသူတွေ ထောင်နဲ့ချီပြီးတော့ တရားမစီရင်ဘဲ အသတ်ခံခဲ့ရတဲ့ ဖြစ်စဉ်မှာ လူသတ်မှု ဒါဇင်နဲ့ချီပြီး ပြစ်မှုကြောင်းအရ တာဝန်ရှိတယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။
ICC ရဲ့ စွဲချက်တွေဟာ ဇူလိုင်လကတည်းက စတင်ပြုစုထားတာဖြစ်ပြီး ပြန်လည်ပြင်ဆင် မွမ်းမံမှုတွေလည်း အကြိမ်ကြိမ်ရှိခဲ့တာ တွေ့ရပြီး စက်တင်ဘာ ၂၂ ရက်မှာမှ လူသိရှင်ကြား ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဒူတာတေးဟာ ရဲတွေ အပါအဝင် တခြားသူတွေ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေမှာ “သွယ်ဝိုက် ပူးပေါင်းကျူးလွန်သူ” တယောက် ဖြစ်ခဲ့တယ်လို့ ICC ဒုတိယရှေ့နေချုပ် မန်ဒီယာယီ ညန်းက ပြောပါတယ်။
ပထမစွဲချက်က ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်အတွင်း ဒါဗာအိုမြို့တော်ဝန်ဘဝက မြို့မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှု ၁၉ မှုမှာ ပါဝင်ပတ်သက်ခဲ့မှု ဖြစ်ပါတယ်။
ဒုတိယနဲ့ တတိယ စွဲချက်တွေကတော့ ဖိလစ်ပိုင်သမ္မတ တာဝန်ယူစဉ် ၂၀၁၆ ကနေ ၂၀၂၂ အတွင်း မူးယစ်စစ်ပွဲကာလမှာ ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
ဒုတိယစွဲချက်ဟာ နိုင်ငံတလွှားက အဓိကပစ်မှတ် ၁၄ ခုကို သတ်ဖြတ်ရှင်းလင်းမှုအတွက် ဖြစ်ပြီး တတိယစွဲချက်ဟာ ကျေးရွာသန့်ရှင်းရေး စစ်ဆင်ရေးတွေမှာ လူ ၄၅ ယောက် သတ်ဖြတ်မှု၊ သတ်ဖြတ်ရန် ကြိုးပမ်းမှုတွေနဲ့ ပတ်သက်နေပါတယ်။
ဒူတာတေးနဲ့ အပေါင်းအပါတွေဟာ လူသတ်မှု အပါဝင် အကြမ်းဖက်ပြစ်မှုတွေကနေတဆင့် မူးယစ်ရာဇဝတ်ကောင်တွေကို နှိမ်နင်းဖို့ဆိုတဲ့ ဘုံရည်မှန်းချက်ကို မျှဝေခဲ့ကြတယ်လို့ ဥပဒေအရာရှိတွေက စွဲချက်တင်ပါတယ်။
ဒူတာတေးဟာ လူ ၆,၀၀၀ ကျော် သေဆုံးစေခဲ့တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး နှိမ်နင်းမှုအတွက် မတောင်းပန်ခဲ့ပါဘူး။
ဒါဟာ တိုင်းပြည်ရဲ့ လမ်းမတွေပေါ်မှာ ရာဇဝတ်မှုတွေ ရှင်းလင်းဖို့ မူးယစ်ကုန်ကူးတွေကို နှိမ်နင်းတာလို့ တုံ့ပြန်ထားပါတယ်။
ဒူတာတေးဟာ ICC ရဲ့ ပထမဆုံး စွဲချက်တင်ခံရတဲ့ အာရှတိုက်က နိုင်ငံ့ခေါင်းဆောင်ဟောင်းဖြစ်သလို ICC ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ကို စေလွှတ်၊ ထိန်းသိမ်းခံရပြီး တရားရင်ဆိုင်ရသူလည်း ဖြစ်ပါတယ်။
Source:Reuters










