
စစ်အာဏာရှင်တပ်ရဲ့ စစ်ရာဇဝတ်မှုတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့နဲ့ မြန်မာ့အရေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ကို လွှဲအပ်ဖို့၊ စစ်တပ်ကို လေယာဉ်ဆီနဲ့ လက်နက် တင်ပို့မှုတွေ ပိတ်ဆို့ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) တို့က စက်တင်ဘာ ၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၆၃ ကြိမ်မြောက် အစည်းအဝေးမှာ အခုလို တိုက်တွန်းလိုက်တာပါ။
IIMM အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်ကလည်း စစ်အာဏာရှင်တပ်ဟာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထားပြီး ဒရုန်း၊ ပါရာမော်တာတွေနဲ့ ကယ်ဆယ်ရေးသမာတွေကိုပါ ထပ်မံတိုက်ခိုက်တဲ့ “Double Tap” နည်းဗျူဟာတွေကို သုံးစွဲနေတယ် ဆိုတဲ့ သက်သေအထောက်အထား ၁,၆၀၀ ကျော်နဲ့ သက်သေထွက်ဆိုချက် ၇၅၀ ကျော်ကို ခိုင်မာစွာ စိစစ်ထားပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတာ့ခ်ရဲ့ အစီရင်ခံစာအရ စစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁,၂၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး အမှန်တကယ် သေဆုံးသူမှာ ၃,၀၀၀ ကျော်အထိ ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက် သယံဇာတ တရားမဝင် တူးဖော်မှုတွေကြောင့် မဲခေါင်မြစ်ဝှမ်း သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုတွေကိုလည်း ထောက်ပြထားပြီး စစ်အာဏာရှင်အစိုးရရဲ့ အတုအယောင် ရွေးကောက်ပွဲနဲ့ သံတမန်ဆက်ဆံရေး ထူထောင်တာကို ပယ်ချဖို့ နိုင်ငံတကာကို တိုက်တွန်းခဲ့ပါတယ်။











