
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ မပေါက်ကွဲသေးတဲ့ ၆၀ မမ လက်နက်ကြီးကျည် ၂ လုံးကို ဒေသခံတယောက်ရဲ့ နေအိမ် ရေတွင်းထဲမှာ တွေ့ရတယ်လို့ စစ်ဘေးရှောင် ကူညီသူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၂၂ ရက် ညက အဆိုပါ ၆၀ မမ လက်နက်ကြီးကျည် ၂ လုံးကို တွေ့ရတာဖြစ်ပြီး တိုက်ပွဲပြီးချိန်ဖြစ်စေ၊ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးလို့ဖြစ်စေ ပြည်သူတွေအနေနဲ့ နေရပ်ပြန်မယ်ဆိုရင် မိုင်း အပါအဝင် မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းအန္တရာယ်ကို ပထမဦးစားပေး သတိပြုကြဖို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က အကြံပြု တိုက်တွန်းထားပါတယ်။
ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက အဲဒီကျေးရွာတွေဘက်ကို စကစက စစ်ကြောင်းထိုးဝင်လာပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့တာတွေ လုပ်ခဲ့တာတွေရှိတယ်။ အဲဒီမတိုင်ခင်က ရေတွင်းထဲမှာ ဒီလိုမျိုး မတွေ့ခဲ့ရဘူး။ အဲဒီဖြစ်စဥ်အပြီးမှာ တွေ့ခဲ့ရတာဆိုတော့ သြဂုတ်လကုန်ပိုင်း စစ်ကြောင်းထိုးချိန်တုန်းက ကျနေခဲ့တာလို့ ပြောလို့ရတယ်” လို့ ပြောပါတယ်။
“အခုလည်း ဒေသခံတွေကို PDF ရဲဘော်တွေဆီ ဆက်သွယ် အကူအညီတောင်းဖို့၊ မိုင်းနဲ့ စစ်လက်နက်ပစ္စည်း အကြွင်းအကျန်တွေရဲ့ အန္တရာယ်နဲ့ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးဖြစ်ခဲ့တယ်” လို့ သူက DVB ကို ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီပေးရေးအဖွဲ့က သရက်ချောင်းမြို့နယ်ရှိ အဲဒီဒေသတွေမှာ မြေမြှုပ်မိုင်း၊ စစ်လက်နက်ပစ္စည်းအကြွင်းအကျန်နဲ့ လေကြောင်းအန္တရာယ်တွေနဲ့ ပတ်သက်ပြီး အသိပညာပေး ဟောပြောမှုတွေ၊ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။










