
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ရွာသစ်ကြီးကျေးရွာမှာ လယ်ကန်သင်းပြင်ဆင်နေတဲ့ တောင်သူတယောက် အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ရွာသစ်ကြီးကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် တောင်သူ ဦးကျော်ဆွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဒရုန်းနဲ့ တိုက်ခိုက်မှုဖြစ်ပြီးနောက် လက်နက်ကြီးကျည် ထိမှန်သွားတာပါ။ ကျည်ထိမှန်တဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ်အတွင်းမှာ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားတွေရဲ့ လယ်ယာလုပ်ငန်းခွင်တွေအထိ ထိခိုက်မှုတွေရှိနေပြီး ဒေသခံပြည်သူတွေအနေနဲ့ စိုးရိမ်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကလည်း လေးမျက်နှာမြို့နယ်၊ ရွာသစ်ကြီးကျေးရွာမှာ စပါးခင်းထဲ ပေါင်းမြက်ရှင်းဖို့သွားတဲ့ အသက် ၄၅ နှစ်ကျော်အရွယ် တောင်သူအမျိုးသမီးတယောက် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။











