
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးကျေးရွာတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ KNDO၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။
လက်ရှိမှာလည်း မြဝတီမြို့တောင်ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ထိုးဖောက် ဝင်ရောက်လာတာ၊ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်တာတွေ ရှိနေတာကြောင့် လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ သောင်ရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မြဝတီမြို့နယ် လေးကေ့ကော် အပါအဝင် ဝေါလေလမ်းပိုင်းမှာရှိတဲ့ ကျေးရွာတွေဘက်ကို မြဝတီ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းလိုလို ပစ်ကူပေး ပစ်ခတ်နေပါတယ်။
တော်လှန်ရေးအင်အားစုတွေဘက်ကလည်း လေးကေ့ကော် မကျရေးအတွက် ခုခံကာကွယ်ဖို့ အဆင်သင့် အနေအထားမှာ ရှိတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “စဖြစ်ကတည်းက လေးကေ့ကော်က ဒုတိယအကြိမ် စစ်ရှောင်ရတာ။ တချို့တဝက်ကလည်း သောင်ရင်းမြစ်ဘေးကို ရှောင်ကြတယ်။ တချို့တဝက်က ဘေးလွတ်ရာ ရှောင်နေကြပြီ။ လက်နက်ကြီးကတော့ နေ့စဉ်ရက်ဆက်လိုပဲ ဒေသခံ တိုင်းရင်းသားတွေရှိတဲ့ ရွာတွေထဲကို ပစ်ထုတ်တယ်။ ဒီဘက် တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း လေးကေ့ကော် မကျရေးအတွက် ခုခံကာကွယ်ဖို့ အဆင်သင့် အနေအထားမှာ ရှိနေတယ်။ ရင်ဆိုင်နေတဲ့ အနေအထား မရောက်သေးဘူး” လို့ ပြောပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “လေးကေ့ကော်ကိုတော့ ကျော်တာတော့ မကျော်သေးဘူး။ ဒါပေမဲ့ လေးကေ့ကော်ကို ဦးတည်ပြီးတော့ တိုးနေတယ်။ ဒါပေမဲ့ လေးကေ့ကော်နား ပတ်ဝန်းကျင်မှာ ထိတွေ့မှု ဖြစ်ဖြစ်နေတယ်။ သူတို့ ဆင်းလာကြတယ်၊ လက်ခတ်တောင်ပေါ်ကကော၊ နောက်ပြီးတော့ နို့ဖိုး၊ ကွင်းကလေး လမ်းဘက်ကကော။ မယ်ထော်သလေးဘက်ကနေ တိုးလာတာ။ အဲဒီပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာ။ သူတို့ အားစမ်းနေတာ။ တိုးဖို့ပြင်နေတဲ့သဘောရှိတယ်။ အစုအဖွဲ့ငယ်တွေနဲ့ တိုးတိုးလာတယ်။ လက်နက်ကြီးပစ်ပြီး ကျနော်တို့အင်အားကို စမ်းတိုးလာတယ်။ နောက် ကျည်အားကိုလည်း စမ်းတာဖြစ်နိုင်တယ်” လို့ ပြောပါတယ်။
ဒီတိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ အတိအကျ မသိရသေးပေမဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရလို့ ထိုင်းဘက်မှာ ဆေးလာကုတာရှိတယ်လို့ သတင်းရရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်က စစ်ကောင်စီက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
ဆက်လက်ပြီး မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းက ဆုံးရှုံးထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်ရယူဖို့ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ကို စစ်မှုထမ်း တပ်သားသစ်တွေ အင်အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ကူနဲ့ ဘက်ပေါင်းစုံက ထိုးဖောက်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
အောင်ခန့်











