DVB Logo
Home
နိုင်ငံတကာ
ဒိန်းမတ်နှင့် နော်ဝေ တို့တွင် အမည်မသိ ဒရုန်းပျံသန်းမှု တွေ့ရှိသဖြင့် လေယာဉ်ပျံသန်းမှု ပိတ်ပင်
DVB
·
September 23, 2025
ဒိန်းမတ်နှင့် နော်ဝေ တို့တွင် အမည်မသိ ဒရုန်းပျံသန်းမှု တွေ့ရှိသဖြင့် လေယာဉ်ပျံသန်းမှု ပိတ်ပင်
Donate to DVB

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်လေဆိပ်မှာ အမျိုးအမည်မသိ ဒရုန်းတွေ့လို့  လေဆိပ်နဲ့ လေကြောင်းအသွားအလာ အားလုံးကို ပိတ်လိုက်ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပြီးနောက် စက်တင်ဘာ ၂၂ ရက်မှာ ရဲအရာရှိတွေကို လေဆိပ်မှာ ဖြန့်ကြက်ချထားပါတယ်။

ကိုပင်ဟေဂင်လေဆိပ်မှာ ၄ နာရီကြာလောက် လေယာဉ်အတက်အဆင်း အားလုံးကို ရပ်တန့်ထားပြီး ဘယ်လိုဒရုန်းအမျိုးအစားတွေဖြစ်တယ် ဆိုတာကို သက်ဆိုင်ရာက အပူတပြင်း စုံစမ်းစစ်ဆေး နေပါတယ်။

ဒိန်းမတ် ရဲတပ်ဖွဲ့က“ဒီဧရိယာမှာ ဒရုန်းအကြီးစား ၂ စင်း၊ ၃ စင်း ပျံသန်းနေတာကို မြင်တွေ့ခဲ့ရတာကြောင့် လောလောဆယ်မှာ လေယာဉ်တွေ အဆင်းအတက် လုပ်လို့မရအောင် လေဆိပ်ကို ပိတ်ထားပါတယ်။ အချိန်ကာလကို လောလောဆယ် မသိရသေးပါဘူး” လို့ ဆိုရှယ်မီဒီယာ X မှာ တင်ထားတဲ့ ကြေညာချက်ထဲမှာ ပြောပါတယ်။

တနင်္လာနေ့ နှောင်းပိုင်းက လေဆိပ်ရဲ့ X ပို့စ်တခုမှာလည်း ကိုပင်ဟေဂင်လေဆိပ်တဝိုက်မှာ အမည်မသိ ဒရုန်းတွေ ရှိနေသေးတယ်လို့ ပြောထားပါတယ်။

“လေယာဉ်တွေ အဆင်းအတက်လုပ်လို့ မရပါကြောင်းနဲ့ ဆိုက်ရောက်လေယာဥ်တွေကို လမ်းကြောင်းပြောင်းထားပြီး ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်တွေကို နောက်ကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းတွေ လုပ်ထားပါတယ်” လို့လည်း ပို့စ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

နောဒစ်ဒေသမှာ အလုပ်အများဆုံးဖြစ်တဲ့ ကိုပင်ဟေဂင်လေဆိပ်ဟာ ဒေသစံတော်ချိန် ညပိုင်း ၈ နာရီ ၂၆ မိနစ်မှာ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်တန့်ခဲ့ကြောင်း လေယာဉ်ပျံသန်းမှု ခြေရာခံဝန်ဆောင်မှု FlightRadar ဝက်ဆိုက်က ထုတ်ပြန်ပါတယ်။

လေကြောင်းခရီးစဉ် ၃၅ ခုလောက်ကို တခြားလေဆိပ်တွေကို လမ်းကြောင်းပြောင်းခဲ့ရကြောင်းလည်း ဆိုပါတယ်။

လေဆိပ်ပြောရေးဆိုခွင့်ရှိသူတယောက်က ရဲတပ်ဖွဲ့ဟာ ဒရုန်းတွေကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေကြောင်း လက်ရှိ စုံစမ်းစစ်ဆေးမှုကို ကိုးကားပြောဆိုခဲ့ပေမဲ့ အသေးစိတ် အချက်အလက်တွေကို ပြောကြားဖို့ ငြင်းဆိုခဲ့ပါတယ်။

နော်ဝေနိုင်ငံ အော်စလိုလေဆိပ်မှာလည်း စက်တင်ဘာ ၂၂ ရက် နှောင်းပိုင်းမှာ ပျံသန်းမှုတွေကို လမ်းကြောင်းပြောင်းခဲ့ပြီး ဒရုန်းတစင်း စောင့်ကြည့်မှုကြောင့် လေပိုင်နက်ကိုပါ ပိတ်ခဲ့ကြောင်း နော်ဝေလေဆိပ် အော်ပရေတာ အာဗီနောရဲ့ ပြောရေးဆိုခွင့်ရှိသူက အီးမေးလ်နဲ့ပေးပို့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒိန်းမတ်နဲ့ နော်ဝေ အာဏာပိုင်တွေဟာ ဒီဖြစ်ရပ် ၂ ခုကြား ဆက်စပ်မှု ရှိ မရှိကို ဆုံးဖြတ်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကိုပင်ဟေဂင်ရဲတပ်ဖွဲ့ ဒုတိယလက်ထောက်ကော်မရှင်နာ ဂျက်ကော့ဘ် ဟန်ဆန်က  ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ဟက်ကာတွေဟာ RTX က ပိုင်ဆိုင်တဲ့ ကောလင်းစ် အယ်ရိုစပေ့စ်  အမေရိကန် လေကြောင်းနဲ့ ကာကွယ်ရေး နည်းပညာကုမ္ပဏီရဲ့ လေကြောင်းခရီးသည်တွေကို စာရင်းသွင်း တင်ပို့တဲ့ check-in နဲ့ boarding စနစ်တွေကို ပစ်မှတ်ထားခဲ့တာကြောင့် လန်ဒန်ရှိ ဟိသ်ရိုးလေဆိပ်နဲ့ ဥရောပရဲ့ အလုပ်အများဆုံး လေဆိပ်တွေဖြစ်တဲ့ ဘာလင်နဲ့ ဘရပ်ဆဲလ် လေဆိပ်တွေမှာ လုပ်ငန်းလည်ပတ်မှုတွေ အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013