
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေ ကျောက်မဲမြို့နဲ့ နီးစပ်လာပြီး နားအိုက်ခမ်းရွာနဲ့ ခိုက်တုန်ဟုန်းရွာ ဝန်းရန်းကျင်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ ကျောက်မဲကို ဉီးတည်ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ကျောက်မဲမြို့နဲ့ တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပြီး ၁၀ မိုင်ဝန်းကျင်ပဲ ဝေးတော့တဲ့အခြေအနေပါ။
လက်ရှိမှာတော့ ပြည်ထောင်စုလမ်းပေါ်ရှိနေတဲ့ ခိုက်တုန်ဟုန်းနဲ့ နားအိုက်ခမ်းဝန်းကျင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကလည်း ဆက်ရှိနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ခိုက်တုန်ဟုန်းနဲ့ နားအိုက်ခမ်းနားမှာတော့ တိုက်ပွဲဆက်ရှိနေတယ်။ ဒီဘက်ကလည်း အပြင်းအထန်ခုခံနေတယ်။ မြို့နဲ့ဆိုရင်တော့ ၁၀ မိုင်ဝန်းကျင်လောက်အကွာပေါ့။ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုကတော့ နေ့တိုင်းရှိပါတယ်။”
စစ်ကောင်စီဘက်ကတော့ တောင်ခမ်း-နောင်ချိုတပ်နယ်ထဲကို တြိဂံတိုင်းစစ်ဌာနချုပ်ဘက်က စစ်ကူအင်အားတွေ ထပ်ပို့ထားတယ်လို့ စစ်ရေးလေ့လာသုံးသပ်သူ CDM ဗိုလ်ကြီး ကိုဇင်ယော်က ပြောပါတယ်။
စစ်ကောင်စီပို့တဲ့ စစ်ကူအင်အားဟာ စစ်ယာဉ်တန်း ၂၁ စီးနဲ့ အင်အားအများအပြားပါဝင်ပြီး စစ်ကောင်စီကတော့ ကျောက်မဲကို ပြန်ရဖို့ အနာခံထိုးစစ်ဆင်နေရတဲ့အခြေအနေလို့ ဆိုပါတယ်။
မြေပြင်တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ TNLA ဘက်ကို ဆက်သွယ်မေးမြန်းနေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
စစ်ကောင်စီက ကျောက်မဲမြို့နယ်ကိုပါ ရွေးကောက်ပွဲလုပ်ဖို့အတွက် ကြေညာထားတာကြောင့် မရ၊ မက ပြန်တိုက်နေတဲ့ အခြေအနေဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။
ထက်အောင်










