DVB Logo
Home
Lead Story
တီမောအား မကောင်းဆိုးဝါးများ ဝင်ပူးပြီ
DVB
·
September 23, 2025
တီမောအား မကောင်းဆိုးဝါးများ ဝင်ပူးပြီ
Donate to DVB

အရှေ့တီမောအစိုးရက မြန်မာအတိုက်အခံအဖွဲ့များအား ၎င်းတို့နယ်မြေတွင် နိုင်ငံရေးလှုပ်ရှားမှုများနှင့် ရုံးခန်းဖွင့်ခြင်းများ ခွင့်ပြုတော့မည် မဟုတ်ဟု နေပြည်တော်သို့ နှစ်ရက်ကြာခရီး ရောက်ရှိလာသော တီမော-လက်စတေး နိုင်ငံခြားရေးဝန်ကြီးက စစ်အုပ်စုကို အာမခံသွားခဲ့ပြီ ဖြစ်သည်။

ထိုသတင်းကို စစ်အုပ်စုဘက်က သတင်းထုတ်ပြန်လိုက်ခြင်းပင် ဖြစ်သည်။ ၎င်းတို့ အာဆီယံ၏မူဖြစ်သော တနိုင်ငံ၏ ပြည်တွင်းရေး တနိုင်ငံမှ ဝင်ရောက်မစွက်ဖက်ရေးကို ဆွေးနွေးခဲ့ကြပြီး တီမောမြို့တော် ဒီလီတွင် စစ်အုပ်စု၏သံရုံး ဖွင့်လှစ်ရန်လည်း အဆိုပြုသွားခဲ့သည်ဟု ပါရှိသည်။

ပြီးခဲ့သည့် လအနည်းငယ်အထိ အမျိုးသားညီညွတ်ရေးအစိုးရအား မယိမ်းမယိုင် အခိုင်အမာ ထောက်ခံနေခဲ့ရာမှ ရုတ်ခြည်းဆိုသလို သဘောထား ပြောင်းသွားခဲ့ခြင်းလည်း ဖြစ်သည်။

တီမောအစိုးရက အမျိုးသားညီညွတ်ရေးအစိုးရအား ကိုယ်စားလှယ်ရုံး ဖွင့်ခွင့်ပေးခဲ့ပြီး ၂၀၂၃ တွင် အစိုးရသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ပင် ဖိတ်ကြားခဲ့၍ တက်ရောက်ခဲ့ပြီး ဖြစ်သည်။

အရှေ့တီမောသမ္မတ ဟိုဆေးရာမို့စ်ဟော်တာက ကုလသမဂ္ဂစင်မြင့်မှနေ၍ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော အကျပ်အတည်းကို နိုင်ငံတကာက တုံဏှိဘာဝေ လုပ်နေမှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ပြောဆိုသွားခဲ့ဖူးပြီး မြန်မာပြည်သူများအား အဘယ်ကြောင့် ယူကရိန်းကဲ့သို့ ထောက်ခံပံ့ပိုးမှုများ မပေးခဲ့ကြသနည်းဟုလည်း မေးခွန်းထုတ်သွားခဲ့သူ ဖြစ်သည်။ ယခုလို သဘောထား ပြောင်းသွားရခြင်းသည် လာမည့်လအတွင်း အာဆီယံ၏ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်တဦး ဖြစ်လာရေးကို ဦးစားပေးလိုက်ခြင်းလည်း ဖြစ်ပေသည်။

ပြီးခဲ့သည့် မေလအတွင်း ပြုလုပ်ခဲ့သော အာဆီယံ ထိပ်သီးအစည်းအဝေးမှ တီမောအား ဝင်ရောက်ခွင့်ပြုခဲ့ပြီး လုပ်ငန်းစဉ်များ အောက်တိုဘာလမတိုင်မီ အပြီးသတ် ပြုလုပ်ထားရန် အချက်ပြခဲ့သည်။

သို့သော် မြန်မာစစ်အုပ်စုက တီမောသည် NUG ကို ထောက်ခံနေခြင်းဖြင့် အာဆီယံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရမူကို ဖောက်ဖျက်နေသည် ဆိုကာ ကန့်ကွက်လာခဲ့သည်။

သမ္မတ ဟိုဆေးရာမို့စ် ဟော်တာက စစ်အုပ်စု၏ ထိုသို့ကန့်ကွက်လာမှုကို ‘အရေးမပါ၊ အရာမရောက်ဘူး’ ဟု ပြောဆိုခဲ့သော်လည်း ‘အာဆီယံ နည်းလမ်း’ ဟု လူသိများသည့် စည်းမျဉ်းများကို လိုက်နာပြီး ပဋိပက္ခမဖြစ်အောင် ရှောင်ရှားလိုပုံရသည်။

ယခုအခါ တီမောအစိုးရသည် လူ့အခွင့်အရေးကို ရဲရဲတောက် ကာကွယ်ပြောဆိုသည့် ၎င်းတို့၏ နိုင်ငံတကာပုံရိပ်သည် အာဆီယံ ဝင်ခွင့်ရဖို့အတွက် လျှောကျ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

အာဆီယံသည်လည်း ပြည်သူများကို ဗုံးကြဲ သတ်ဖြတ်နေ‌သော စစ်အုပ်စုကို တီမောမှ ဆန့်ကျင် ကန့်ကွက်နေမှုကို ၎င်းတို့အဖွဲ့ထဲ ဝင်လိုပါက လမ်းကြောင်းပြောင်းရန် အတင်းအဓမ္မ ဖိအားပေးခဲ့ကြ၍ တီမောသည် လက်ခံ အလျှော့ပေးလိုက်ရခြင်း ဖြစ်သည်။

နောက်ဆုံးတွင် နိုင်ငံအားလုံးသည် ကိုယ်ကျင့်တရားထက် realpolitik ဆိုသည့် လက်တွေ့ကျသည့် အခြေအနေနှင့် အကျိုးစီးပွားများပေါ်မှာသာ အခြေခံပြီး ဆုံးဖြတ်တတ်ကြသည် ဆိုသည်ကို အထင်အရှား သရုပ်ပြလိုက်ခြင်းပင် ဖြစ်သည်။

သို့‌သော် အာဆီယံသည် ဒီထက်ပို၍ မျက်နှာပြောင်မတိုက်ရဲတော့သည့် လက္ခဏာအဖြစ် မလေးရှား နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန် ဦးဆောင်မည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဖွဲ့ မြန်မာနိုင်ငံသို့ ယခုရက်သတ္တပတ်အတွင်း လာရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ဟာဆန်နှင့်အတူ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီရှား နိုင်ငံခြားရေးဝန်ကြီးများ အတူလိုက်ပါဖို့ ရှိနေသည်။

“ရှောင်လွှဲ၍မရသော အခြေအနေများ” ကြောင့်ဟု ရွှေ့ဆိုင်းရသည့် အကြောင်းရင်းကို ဖော်ပြထားသည်။

၎င်းတို့လာရသည့် အကြောင်းရင်းသည် စစ်အုပ်စုမှ အုပ်ချုပ်ရေးအဖွဲ့သစ် ဖွဲ့စည်းပြီးနောက်နှင့် ရွေးကောက်ပွဲမတိုင်မီ အခြေအနေများကို လေ့လာစိစစ်ပြီး အောက်တိုဘာလတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တင်ပြနိုင်ရန်အတွက် ဖြစ်သည်ဟု ဆိုသည်။

စစ်အုပ်စုနှင့် သွားတွေ့မည့်အစား ၎င်းတို့၏ သတင်းစာ၊ မီဒီယာများကို ဖတ်ရှုခြင်းသည်သာ အချိန်ကုန် သက်သာပေဦးမည်။

သို့သော်လည်း ရခိုင်ပြည်နယ်အတွင်း ကျောက်တော်ရှိ အလွတ်ပညာသင်ကျောင်း ၂ ကျောင်းအား ရက်စက်စွာ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ကျောင်းသား ကျောင်းသူ အယောက် ၂၀ ခန့် သေဆုံးခဲ့ရမှုကြောင့် ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လေ့လာရန် မလိုဘဲ အခြေအနေ အရပ်ရပ်သည် မည်သို့မျှ ပြောင်းလဲခြင်း မရှိဆိုသည်ကို သဘောပေါက်သွားပုံရသည်ဟု ယူဆရမည် ဖြစ်သည်။

နောက်ထပ်ရရှိသော သတင်းအရ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ကို အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုဖြင့် တော်လှန်ရေးပူးပေါင်းတပ်များက ၆ ရက်မြောက်နေ့ စက်တင်ဘာ ၂၀ တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013