DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းမိ
DVB
·
September 23, 2025
ပခုက္ကူတွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းမိ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်က မီးရထား ကွန်ကရစ်ဇလီဖားတုံးစက်ရုံက အစောင့်ရဲတပ်ဖွဲ့ဝင်တွေကို စက်တင်ဘာ ၂၂ ရက် မနက် ၁ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၄ ယောက် သေဆုံးကာ သေနတ် ၃ လက်နဲ့အတူ ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Pakokku - Special Task Force (ပခုက္ကူမြို့နယ် ပကဖ တပ်ရင်း ၁) ဆီကနေ သိရပါတယ်။

Pakokku - Special Task Force ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက “ပခုက္ကူမြို့ ရထားဘူတာနားက ကွန်ကရစ်ဇလီ​ဖားတုံးစက်ရုံမှာ အစောင့်ရဲတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာမှာ ကျနော်တို့တပ်ဖွဲ့က ရဲဘော်ဒီး ဦးဆောင်ပြီးတော့ တပ်ဖွဲ့ဝင် ၇ ယောက်ဟာ ည ၁၂ နာရီလောက်ကတည်းက သူတို့နားကို ချဥ်းကပ်ခဲ့တယ်။ ည ၁ နာရီခွဲလောက်မှာ စတင်ပစ်ခတ်ခဲ့တာပါ။ သူတို့ဘက်က ပြန်လည်ပစ်ခတ်နိုင်တာ မရှိဘဲနဲ့ ရဲ ၅ ယောက်ရှိတဲ့အထဲက ၄ ယောက် သေတယ်။ တယောက်ကတော့ ထွက်ပြေးသွားတယ်။ သေနတ် ၃ လက်နဲ့ ခဲယမ်းတချို့ သိမ်းဆည်းပြီး ပြန်ဆုတ်လာခဲ့ကြတာပါ” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းကနေ ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ G3 သေနတ်တလက်၊ 7.62 မမ ကျည်သုံး ကာဘိုင်သေနတ်တလက်၊ AK သေနတ်တလက်နဲ့ ကျည်အတောင့် ၅၀ နီးပါး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရဲဘော်မှိုင်းက “အခုမစ်ရှင်ကို ဆောင်ရွက်ခဲ့တဲ့ ရည်ရွယ်ချက်ဟာ ပခုက္ကူမြို့နယ်မှာ စစ်တပ်ကကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုတာ သက်သေပြဖို့ ပခုက္ကူမြို့တွင်းထဲအထိ ဝင်ပြီး မြို့တွင်းမစ်ရှင်ကို ကြိုးစားဖော်ဆောင်ခဲ့ကြတာ” လို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီစိတ်တိုင်းကျ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တာတွေ မပြုလုပ်ကြဖို့ အထူးမေတ္တာရပ်ခံလိုတယ်လို့လည်း သူက ဆက်ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲ နီးကပ်လာပေမဲ့လည်း ​ပခုက္ကူမြို့နယ်ထဲကို စစ်ကြောင်းထိုးပြီး လူနေအိမ်တွေကို မီးရှို့တာ၊ လက်နက်ကြီးတွေပစ်ခတ်လို့ ပြည်သူတွေ သေဆုံးဒဏ်ရာရတာတွေကတော့ လျော့နည်းသွားတာ မရှိသေးသလို ပေါ်တာဆွဲ ဖမ်းဆီးတာတွေကိုလည်း ပိုမိုလုပ်ဆောင်လာနေတယ်လို့ ပခုက္ကူအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013