DVB Logo
Home
မြန်မာသတင်း
လန်ဆယ်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး 
DVB
·
September 22, 2025
လန်ဆယ်ရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦး သေဆုံး 
Donate to DVB

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်ထဲက လန်ဆယ်ကျေးရွာကို စစ်ကောင်စီလေတပ်က စက်တင်ဘာ ၂၂ ရက် နေ့လယ် ၂ နာရီခွဲကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်တွေမှာ ကျရောက်ပေါက်ကွဲပြီး ကလေးငယ်အပါအဝင် ရွာသား ၃ ယောက် သေဆုံးခဲ့တယ်လို့  ကချင်သတင်းရင်းမြစ်ကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အရာရှိတယောက်က “လန်ဆယ်ရွာမှာ ပြည်သူတွေရဲ့နေအိမ်၊ ဆိုင်ကယ်ဝပ်ရှော့မှာ လာကျတာ၊ အဲနေရာမှာ ပွဲချင်းပြီး အသက်ဆုံးရှုံးသွားတာက အမျိုးသားတဦး၊ အမျိုးသမီးတဦးနဲ့ ကလေးငယ်တဦး ပါတယ်။ အခု ကလေးငယ်အလောင်းက ရှာမတွေ့ဘူး ဖြစ်နေတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေ အတိအကျတော့ မသိရသေးဘူး” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့သလို ထိခိုက်ဒဏ်ရာ ရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်တပ်က လန်ဆယ်-ခေါင်လန်ဖူးလမ်းကနေတဆင့် ဆော့လော်မြို့နယ်က KIA ထိန်းချုပ်ထားတဲ့ ဒေသကို ထိုးစစ်ဆင်နေပေမဲ့ တိုက်ပွဲနဲ့ သုံးလေးမိုင်ဝေးတဲ့ လန်ဆယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ လဟယ်ဇင်း ပတ်ဝန်းကျင်ကိုလည်း လေကြောင်းကနေ နေ့စဉ်တိုက်ခိုက်နေတယ်လို့ ရှေ့တန်း သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ခေါင်လန်ဖူးမြို့နယ်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုး လှုပ်ရှားလာတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်တပ်က နယ်မြေကျော်ပြီး စက်တင်ဘာ ၁၉ ရက်က စစ်ကြောင်းထိုးလာကြောင့် ၂၂ ရက်အထိ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲ တဖြည်းဖြည်းပြင်းထန်လာပြီး နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ KIA အရာရှိတယောက်က ပြောပါတယ်။

“ဆက်တိုက်ဖြစ်နေတယ်၊ ဆက်တိုက် အသံတွေ ကြားနေရတယ်။ ဒီနေ့မနက်လည်း မနက် ၅ နာရီခွဲလောက်ကနေ ဆက်တိုက်ပစ်ခတ်နေကြတယ်။ နှစ်ဖက်စလုံးလည်း အပြင်းအထန် ခုခံနေကြတယ်။”

၄ ရက်တာ တိုက်ပွဲအတွင်း နှစ်ဖက်တပ်ဖွဲ့တွေမှာ ထိခိုက်ကျဆုံးမှုတွေ ရှိနိုင်ပြီး အခြေအနေ အတိအကျကိုတော့ မသိရသေးပါဘူး။

လက်ရှိအချိန်အထိ  KIA ဘက်က တပ်စခန်းတွေ ဆုတ်ခွာတာ၊ နေရာပေးလိုက်ရတာတွေ မရှိဘဲ အပြင်းအထန် ခုခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း ပြန်လည်ဆုတ်ခွာသွားတာတွေ မရှိသလို ပူတာအိုကနေ ပြည်သူ့စစ်တပ်ဖွဲ့တွေ အခြေစိုက်တဲ့ ခေါင်လန်ဖူးဘက်ကို စစ်အင်အားတွေ ပို့ဆောင်ဖို့ အခြေအနေတွေ ရှိနေသလို ခေါင်လန်ဖူးဘက်ကနေ စစ်အင်အားတွေ ပို့ဆောင်တာတွေ ရှိနေတာကြောင့် တိုက်ပွဲတွေ ဆက်ပြင်းထန်လာဖို့ရှိနေတယ်လို့ KIA အရာရှိတယောက်က ဆက်ပြောပါတယ်။

“သူတို့ဘက်ကလည်း အပြင်းအထန် ထိုးလာတယ်ဆိုရင် ကိုယ်တို့ဘက်ကလည်း ပြန်ပြီး ပြင်းပြင်းထန်ထန် ခုခံရင် တိုက်ပွဲကတော့ ဆက်ပြီး ပြင်းထန်လာမယ်လို့ပဲ ယူဆတယ်။”

စစ်ကောင်စီက ခေါင်လန်ဖူးဘက်ကနေ တဆင့် ပြည်သူ့စစ်တပ်ဖွဲ့တွေနဲ့အတူ လန်ဆယ်ဝင်ပေါက်ဘက်ကို နယ်မြေကျွံပြီး စစ်ရေးလှုပ်ရှားလာနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က လန်ဆယ်ဒေသကို အခုလို စစ်ကြောင်းထိုး လှုပ်ရှားလာတာဟာ အခုအကြိမ်နဲ့ဆိုရင် ဒုတိယအကြိမ်မြောက် စစ်ရေးလှုပ်ရှားလာတာဖြစ်တယ်လို့ သိရပါတယ်။

ခေါင်လန်ဖူးမြို့နယ်ထဲက လန်ဆယ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်မှာ တိုက်ခိုက်သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013