DVB Logo
Home
မြန်မာသတင်း
ထိုင်းလူငယ်များအား ဓားဖြင့်လိုက်ခုတ်သည့် ရှမ်းလူငယ်ဂိုဏ်းသား ၁၆ ဦး ဖမ်းဆီးခံရ 
DVB
·
September 22, 2025
ထိုင်းလူငယ်များအား ဓားဖြင့်လိုက်ခုတ်သည့် ရှမ်းလူငယ်ဂိုဏ်းသား ၁၆ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ထဲမှာ ပြီးခဲ့တဲ့အပတ်က ၁၄ နှစ်အရွယ် ထိုင်းမိန်းကလေးကို လက်ကောက်ဝတ် ပြတ်ထွက်အောင် ဓားနဲ့လိုက်ခုတ်ပြီး ကျန်ထိုင်းလူငယ် ၂ ယောက်ပါ ထိခိုက်ဒဏ်ရာရအောင် လုပ်ခဲ့တဲ့ ‌ဆိုးသွမ်းရှမ်းလူငယ် ၁၆ ယောက်ကို ဖမ်းဆီးရမိပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

စက်တင်ဘာ ၁၆ ရက် ညဉ့်သန်းခေါင်ယံက ချင်းမိုင်မြို့၊ နောင်ပါခန့်ရပ်ကွက်ရှိ ဆန်ကမ်ဖိုင်းလမ်းမပေါ်မှာ ဘုရားပွဲခင်းက ပြန်လာတဲ့ ထိုင်းလူငယ်တစုကို ဆိုင်ကယ်စီးလာတဲ့ လူငယ် အယောက် ၂၀ လောက်က နောက်ကလိုက်ပြီး ဓားနဲ့ ခုတ်ခဲ့ပါတယ်။ 

ဓားခုတ်ခံရတဲ့ထဲက အသက် ၁၄ နှစ်ရွယ် မိန်းကလေးတယောက် ညာဘက်လက်ကောက်ဝတ် ပြတ်ထွက်သွားပြီး ၁၆ နှစ် ၁၇ နှစ်ရွယ် လူငယ် ၂ ယောက်မှာလည်း လက်ညှိုးနဲ့  ကျောပြင်မှာ ဓားခုတ်ဒဏ်ရာရသွားပါတယ်။ 

အခုတ်ခံရတဲ့ဘက်က ရဲစခန်းကို အကြောင်းကြားတာကြောင့် အမှတ် ၅ တိုင်းဒေသရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံရဲတွေက လူငယ်တွေ ထွက်ပြေးရာနောက် လိုက်လံဖမ်းဆီးခဲ့တာမှာ တချို့က လမ်းဘေးက ရေကန်ထဲဆင်းပြီးပုန်းခဲ့ပေမဲ့ မကြာခင်မှာ အဖမ်းခံရပါတယ်။ 

စက်တင်ဘာ ၁၇ မနက်က လူငယ် ၄ ယောက် ဆိုင်ကယ် ၂ စီးနဲ့ သူတို့ကိုင်ဆောင်တဲ့ ဓားတွေပါ  ဆာရဖီးမြို့နယ်ထဲမှာ ဖမ်းမိပြီး သူတို့ရဲ့ လက်ကိုင်ဖုန်းထဲမှာလည်း ဆိုင်ကယ်စီးအဖွဲ့ဝင်ဓာတ်ပုံတွေ အုပ်စုဖွဲ့ဓာတ်ပုံတွေ တွေ့ရတာကြောင့် စစ်‌ဆေးပြီး ကျန်တဲ့အဖွဲ့ဝင်တွေ လိုက်ဖမ်းရာမှာ အဲဒီနေ့မှာပဲ လူငယ် ၁၄ ယောက် ဖမ်းမိခဲ့တယ်။  

အဓိကခေါင်းဆောင် ၂ ယောက်ဖြစ်တဲ့ စိုင်းအိုက်မောင် ခေါ် (M) (အသက် ၂၅ နှစ်)နဲ့  စိုင်းလင်း ခေါ်  Top  (အသက် ၂၄ နှစ်)တို့ကတော့ ထွက်ပြေးနေဆဲ ဖြစ်ပါတယ်။

အဲဒီလူငယ်တွေဟာ အရင်ကလည်း နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ ဘိုဒမ်နဲ့ ၉၉၉ တံဆိပ်ပါ ဆိုးသွမ်းလူငယ်အဖွဲ့ဝင်တွေ ဖြစ်ကြပြီး မြန်မာနိုင်ငံသား ရှမ်းရွှေ့ပြောင်းလူငယ်တွေ ဖြစ်တယ်လို့  အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်ရဲမှူးကြီးက သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

လက်ကောက်ဝတ် ပြတ်ထွက်သွားတဲ့ ထိုင်းမိန်းကလေးကိုတော့ မဟာရတ်ဆေးရုံရှိ ကျွမ်းကျင်ဆရာဝန်ကြီးတွေက နာရီပေါင်း ၂၀ ကြာ ခွဲစိတ်ပြီး ပြတ်သွားတဲ့လက်ကို ပြန်ဆက်ပေးလိုက်ပေမဲ့ ပုံမှန်အတိုင်း ပြန်အသုံးပြုနိုင်ဖို့ကတော့ တော်တော်ကြာ အချိန်ပေးရဦးမယ်လို့ သက်ဆိုင်ရာဆေးရုံက ထုတ်ပြန်ထားပါတယ်။ 

လွတ်မြောက်နေတဲ့ ဆိုးသွမ်းလူငယ်ခေါင်းဆောင် ၂ ယောက်ကို တာဝန်ရှိသူတွေက အပူတပြင်း လိုက်လံရှာဖွေနေတာမှာ စက်တင်ဘာ ၁၉ ရက် ညမှာတော့ စိုင်းအိုက်မောင် ခေါ်  M ကို လမ်းဖွန်းမြို့ စစ်ဆေးရေးဂိတ်မှာ ဖမ်းမိတယ်။ သူဟာ ဘန်ကောက်ကို  ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ ကြိုးစားစဉ် ဖမ်းမိခဲ့တာ ဖြစ်တယ်။ စိုင်းအိုက်မောင်က မိန်းကလေးကို ဓားနဲ့ခုတ်သူမှာ သူပဲလို့ ဝန်ခံပါတယ်။ 

ဒီမတိုင်ခင်ရှေ့က သူတို့အဖွဲ့ဝင်တယောက်ကို ထိုင်းလူငယ်တဖွဲ့ ဝိုင်းရိုက်ထားတယ်၊ အဲဒါကို မကျေနပ်လို့ ကလဲ့စားပြန်ချေတာ ဖြစ်တယ်၊  လက်ပြတ်သွားတဲ့ မိန်းကလေးက ဂျာကင်အင်္ကျီနဲ့ ဦးထုပ်ဆောင်းထားတာကြောင့် ယောကျ်ားလေးလို့ ထင်တယ်၊ မိန်းကလေးမှန်းသိရင် သူ မလုပ်ပါဘူး၊ အဲဒီညက ဘိန်းစာရွက်အရည်လည်း သောက်ထားလို့ မူးနေတယ်လို့ ဝန်ခံပါတယ်၊ ထိခိုက်ဒဏ်ရာရသူနဲ့  မိဘဆွေမျိုးတွေကိုလည်း တောင်းပန်ကြောင်း ပြောပါတယ်။ 

အဲဒီညက ဝိုင်းရိုက်ခံရသူတွေမှာ သူတို့နဲ့ ရန်ငြိုးရန်စလည်း မရှိ၊ တွေ့လည်း မတွေ့ဖူးဘူးလို့ အရိုက်ခံရတဲ့ လူငယ်တွေဘက်က ပြောပါတယ်။ 

စင်တင်ဘာ ၂၁ ရက်မှာတော့ နောက်ထပ် ဆိုးသွမ်းလူငယ်ဂိုဏ်း ခေါင်ဆောင်တယောက် ဖြစ်တဲ့ Top ကို တာဝန်ရှိသူတွေက ထိုင်းအရှေ့ပိုင်း ချချိန်းဆောင်းခရိုင် ပလိုင်းယောင်းမြို့နယ်ထဲမှာ ဖမ်းမိခဲ့ပါတယ်။ သူဟာ ကမ္ဘောဒီးယားဘက်ကို ထွက်ပြေးဖို့ ကြိုးစားစဉ် အဖမ်းခံရတာလို့ ဆိုပါတယ်။

လတ်တလော သူတို့အားလုံးကို ချင်းမိုင် ဖူးထွဏ်းရဲစခန်းမှာ ထိန်းသိမ်းထားပြီး အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ညအချိန်မတော် ဆိုင်ကယ်စီးကာ ဆူပူသောင်းကျန်းမှု၊ ခွင့်ပြုချက်မရဘဲ အများဆိုင်ရာနေရာမှာ ဓား စတဲ့ လက်နက်ကိုင်ဆောင်မှု၊ အုပ်စုဖွဲ့ပြီး တပါးသူအား နာကျင် ဒဏ်ရာရအောင် တမင်ရည်ရွယ် လုပ်ဆောင်မှု၊ လူသတ်ရန် ပူးပေါင်းကြံစည်မှုတွေနဲ့ တရားစွဲထားတယ်။

တရားဥပဒေကပေးတဲ့ ပြစ်ဒဏ်ခံယူပြီးရင် ပြည်နှင်ဒဏ်ပေးမယ်၊ Blacklist အမည်ပျက်စာရင်းသွင်းပြီး ထိုင်းနိုင်ငံထဲ ပြန်ဝင်ခွင့်ပေးတော့မှာမဟုတ်ဘူးလို့  အမှတ် ၅ တိုင်းဒေသ ရဲချုပ်က သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။ 

ချင်းမိုင်နဲ့ လမ်းပွန်းခရိုင်ထဲမှာ အလားတူ အုပ်စုဖွဲ့ ဆိုင်ကယ်စီးသောင်းကျန်းလူငယ်တွေ တွေ့ရင် နီးစပ်ရာ ရဲစခန်း ဒါမှမဟုတ် ထိုင်းရဲတပ်ဖွဲ့ အရေးပေါ်လိုင်းကို ဖုန်းဆက်ဖို့ သက်ဆိုင်ရာက ထုတ်ပြန်ကြေညာထားပြီး လုပ်ငန်းခွင်နဲ့ လမ်းပေါ်မှာလည်း စစ်ဆေးမှုပိုများလာတယ်လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။ 

Source:  MGROnline / Thairath / Police5 Thailand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013