DVB Logo
Home
မြန်မာသတင်း
ဘောလခဲကို စစ်ကြောင်းထိုးရန် စစ်တပ်က ဖရူဆို၌ လူအင်အားနှင့် ရိက္ခာဖြည့်တင်း
DVB
·
September 22, 2025
ဘောလခဲကို စစ်ကြောင်းထိုးရန် စစ်တပ်က ဖရူဆို၌ လူအင်အားနှင့် ရိက္ခာဖြည့်တင်း
Donate to DVB

ကရင်နီပြည်နယ်၊ ဘောလခဲမြို့ကို စစ်ကြောင်းထိုးဖို့အတွက် စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင်းရေးကျောင်းမှာ လူအင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းနေပါတယ်။ 

လာမယ့် ဒီဇင်ဘာလမှာ ကရင်နီပြည်နယ် မြို့တော် လွိုင်ကော်နဲ့ ဘောလခဲမြို့မှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လကတည်းက ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးကို စစ်ကြောင်းထိုးနေတာပါ။

စက်တင်ဘာလထဲမှာတော့ ဒီးမော့ဆိုကနေ ဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကားလမ်းမကြီးကို ထိန်းချုပ်ထားနိုင်ပြီးတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကားအစီးရေ ၅၀ ကျော်ပါတဲ့ ယာဥ်တန်းဟာ လွိုင်ကော်မြို့ကနေ ဖရူဆိုမြို့ထဲက အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းကို အင်အားဖြည့်ဖို့ ရောက်လာတယ်လို့ ဒီးမော့ဆိုမှာရှိနေတဲ့ ရှေ့တန်းသတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

စစ်ကူရောက်လာတဲ့ ယာဥ်တန်းဟာ လူ လက်နက်နဲ့ ရိက္ခာတွေ ပို့ဖို့နဲ့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတဲ့ ဘောလခဲမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ဖြစ်နိုင်တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က သုံးသပ်ပါတယ်။  

“စစ်ကား ၅  စီးလောက်ပဲ ပြည်သူတွေဆီက သိမ်းထားတဲ့ဟာတွေ ၁၀ ဘီးကားတို့၊ ၁၂ ဘီးကားတို့ အဲ့လိုကားမျိုးတွေ ပိုများတယ်။ ဒန်ပါတို့၊ ကန်တာတို့က (ကားအမျိုးအစား) လူတွေ ဖြည့်တာလည်းဖြစ်နိုင်တယ်။ စစ်အင်အားတွေ ခဲယမ်းတွေ ပြန်ဖြည့်မှာပဲ၊ ရိက္ခာတွေကောပေါ့။”

လက်ရှိ ဘောလခဲမြို့ထဲမှာ ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀၊ ဘောလခဲမြို့မရဲစခန်းနဲ့အတူ ဒေသခံ ၁၀၀ ကျော်က မြို့ထဲမှာကျန်နေပါသေးတယ်။ လတ်တလော စစ်ရေးအခြေအနေအရ ဘောလခဲမြို့မှာ ကျန်နေတဲ့ စစ်ကော်မရှင်တပ်တွေဟာ မြို့ပတ်ပတ်လည်မှာ ကင်းစခန်းတွေ ချထားပြီးတော့ ဖရူဆိုဘက်က ဆင်းလာမယ့် စစ်ကြောင်းကို စောင့်နေတဲ့ အနေအထားမျိုးမှာ ရှိတယ်လို့ ဘောလခဲ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

“မြို့ထဲမှာက စကစ နဲ့ ပေါင်းနေတဲ့ ပြည်သူ အနည်းစုကျန်သေးတယ်။ စစ်ကြောင်းက ဖရူဆို ၁၄ တပ်ကနေ ဘောလခဲကိုထိုးဖို့ ဆက်လှုပ်ရှားမှာပါ။ ဖရူဆိုမှာရှိနေတဲ့ ဒေသခံတပ်နဲ့ပေါင်းပြီး ဒီဘက်ကနေ တဖွဲ့ဆင်းမယ်၊ ပြီးရင် ဘောလခဲဘက်ကလည်း စစ်ကြောင်းထိုးလာပြီး လမ်းတဝက်မှာ လာကြိုစောင့်မယ့် အနေအထားမျိုးတွေတော့ မြင်နေရတယ်။ ဆိုတော့ ခြေလျင်တပ်တွေ လမ်းကင်းအကုန်ယူပြီးမှ ဘောလခဲကို ဆင်းလာမှာ။”

စစ်ရေးလှုပ်ရှားမှုတွေရှိနေတဲ့ ဒီးမော့ဆို-ဖရူဆို ကားလမ်းမကြီးနားက ကျေးရွာအများစုကတော့ ပြီးခဲ့တဲ့လတည်းက ကယ်ဆယ်ရေးသမားတွေနဲ့ ရဲဘော်တွေ ကယ်ထုတ်ပြီးသားမို့ ရွာတော်တော်များများမှာ လူတွေတော့ မရှိတော့ပါဘူး။

ဒါကြောင့် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ရွာတွေမှာ လူပြန်မနေတဲ့အိမ်တွေကို ပြည်သူပိုင်အဖြစ် သိမ်းမယ်လို့ ခြိမ်းခြောက်မဲဆွယ်နေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ကရင်နီပြည်နယ်မှာ တော်လှန်ရေးတပ်တွေ အပြည့်အဝ ထိန်းချုပ်ထားတဲ့ မယ်စဲ့၊ ရှားတောနဲ့ ဖားဆောင်းမြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘဲ မြို့တော် လွိုင်ကော်နဲ့ ဘောလခဲမှာ ရွေးကောက်ပွဲလုပ်မယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013