
ရှမ်းပြည်နယ်နဲ့ ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ခြမ်းနဲ့ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက် မနက် ၁၀ နာရီကျော်မှာ ဖယ်ခုံမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မနက်ပိုင်းမှာပဲ ဖရူဆိုမြို့နယ်ထဲက ကျေးရွာတရွာနဲ့ စစ်ရှောင်စခန်းတခုကို Drop ဗုံးချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မြေပြင်သတင်းရင်းမြစ်က “ဒီမနက်လည်း ဗုံးကြဲတာရော၊ ဒရုန်းနဲ့ကြဲတာရော ရှုပ်ယှက်ခတ် နေတာပဲ။ သူတို့က မြေပြင်က သွားလို့ရတဲ့နေရာကို မြေပြင်ထိုးစစ်နဲ့သွားပြီးမှ လက်နက်ကြီး လက်လှမ်းမီတာကို လက်နက်ကြီး၊ လက်နက်ကြီး လက်လှမ်းမမီတာကို လေယာဥ်နဲ့ လိုက်ကြဲ နေတာ” လို့ ပြောပါတယ်။
လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
စစ်တပ်က စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ၂၀၂၆ ခုနှစ် နှစ်ဝက်ကစပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာတွေ မကြာခဏ ပြုလုပ်နေတယ်လို့ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
“စစ်ရှောင်တွေရော ဆေးရုံဆေးခန်းပါ မကျန်၊ လူထုပါမကျန် လိုက်ကြဲနေတဲ့သဘော ရှိတယ်။ ကျောင်းတွေမတက်ရ ကျောင်းတွေပိတ်၊ စစ်ရှောင်တွေရှိတဲ့နေရာကို နေလို့မရအောင် လုပ်နေတာမျိုး တွေ့ရတယ်။”
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာလည်း ဒီးမော့ဆိုအနောက်ခြမ်းကို အသေခံဒရုန်းနဲ့ ဗုံးကြဲတာ ကြောင့် အသက် ၉ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။











