
ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါလောခူကျေးရွာအနီး စိုက်ခင်းတခုမှာ မြေပဲစိုက်ပျိုးနေတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို စစ်အာဏာရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် ကျောင်းသူတယောက် အပါအဝင် အမျိုးသမီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဩဂုတ် ၂၅ ရက် နေ့လယ်ပိုင်းက မြေပဲစိုက်ပျိုးနေတဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို ဒရုန်းနဲ့ ထပ်မံဗုံးကြဲခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတယောက် ခေါင်းထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၂ ရက်ကလည်း မြေပဲစိုက်ပျိုးနေတဲ့ စစ်ဘေးရှောင်မိသားစုတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၆ နှစ်အရွယ် ကျောင်းသူတယောက်က ပေါင်နဲ့ ဒူးနေရာတွေမှာ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကလေးမိခင်တယောက်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတယောက်က ပြောပါတယ်။
ဒေသခံတယောက်က “နှစ်ယောက်ထိတာပေါ့။ တယောက်က ကျောင်းသူ၊ တယောက်တော့ ကလေးအမေပေါ့။ သူတို့က စစ်ရှောင်တွေဖြစ်ကြတယ်” လို့ ပြောပါတယ်။
စစ်တပ်က ဒရုန်းနဲ့ ကင်းထောက်မှုတွေ မကြာခဏပြုလုပ်နေပြီး စားဝတ်နေရေးအတွက် တောင်ယာလုပ်ကိုင်နေကြရတဲ့ စစ်ဘေးရှောင်တွေအပေါ် ထိခိုက်မှုတွေ ပိုများလာမှာကို စိုးရိမ်နေရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ခုတလောကတော့ အပြစ်မဲ့တဲ့ လူထုတွေ ထိခိုက်တာ တော်တော်များတာပေါ့နော်။ နေ့တိုင်းလိုလို ဒရုန်းနဲ့ ကင်းထောက်နေတာ ရှိတယ်။ တောင်ယာ၊ ယာခင်း စိုက်ပျိုးတဲ့အချိန်မှာ စစ်ရှောင်မိသားစုတွေ စားဝတ်နေရေးအတွက် တောင်ယာလုပ်ရတာ။ အခုတော့ ဒရုန်းလိုက်ကြဲနေတော့ သူတို့ခမျာ သနားစရာ ဖြစ်နေတယ်။”
ဩဂုတ် ၆ ရက်ကလည်း ဖရူဆိုမြို့နယ် ကျေးရွာတခုကို စစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ လသားအရွယ် ကလေးတယောက် အပါအဝင် အရပ်သား ၅ ယောက် သေဆုံးခဲ့ဖူးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာ ဒီးမော့ဆို-ဖရူဆို-ဘောလခဲ လမ်းမကြီးကို စစ်အုပ်စုက ထိန်းချုပ်ထားဆဲဖြစ်ပြီး စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေ တောင်ယာလုပ်ကိုင်ဖို့ သွားလာနေချိန် ဒရုန်းနဲ့ တိုက်ခိုက်ခံရတာတွေကြောင့် ထိခိုက်သေဆုံးမှုတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။











