DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာလူထုကိုယ်စားလှယ်အဖြစ်  ဗန်ကူးဗားရောက် မြန်မာများ ထောက်ခံဆန္ဒပြ
DVB
·
September 21, 2025
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာလူထုကိုယ်စားလှယ်အဖြစ်  ဗန်ကူးဗားရောက် မြန်မာများ ထောက်ခံဆန္ဒပြ
1 / 13
Donate to DVB

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ရာထူးတာဝန် ဆက်ထိန်းထားနိုင်ရေး လူထုထောက်ခံပွဲကို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ  ဒေသစံတော်ချိန် စက်တင်ဘာ ၂၀ ရက် နေ့လယ်က ကျင်းပခဲ့ပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ အထူးတာဝန်လက်ခန့်ထားရေး၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ရေးနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။

ဦးကျော်မိုးထွန်းက မြန်မာပြည်သူတွေအားလုံးရဲ့ကိုယ်စား ကုလသမဂ္ဂ အမြဲတမ်း သံအမတ်ဖြစ်တယ်ဆိုတာကို ဝိုင်းဝန်းထောက်ခံတဲ့ လှုပ်ရှားမှုကို အထွေထွေညီလာခံ ကျင်းပနေတာနဲ့ တချိန်တည်း တပြိုင်တည်း ပြုလုပ်တာဖြစ်တယ်။

၈၈ မျိုးဆက် နိုင်ငံရေးလှုပ်ရှားသူတွေ၊ မျိုးဆက်သစ် ကျောင်းသားလူငယ်တွေ၊ ချင်း၊ ကရင်၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေ၊  မြန်မာ့အရေးစိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ 

၈၈ မျိုးဆက် မြန်မာနိုင်ငံရေးလှုပ်ရှားသူတယောက်ဖြစ်တဲ့ ဦးဌေးအောင်က " ဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူတွေရဲ့ အသံဖြစ်တယ်၊ ယနေ့မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အထွေထွေလူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် သန်း ၅၀ ကျော် လူမျိုးစုံ လူထုကြီးအတွက် ကုလသမဂ္ဂစင်မြင့်ပေါ်မှာ တရားဝင်တင်ပြနေတဲ့  ဦးကျော်မိုးထွန်းရဲ့ အသံဟာ မြန်မာနိုင်ငံ ပြည်သူလူထုတွေရဲ့အသံ ဖြစ်တယ်၊ စစ်အာဏာရှင်တွေက ကျင်းပဖို့ စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲဟာ စစ်တပ်မင်းဆက် ထာဝရကြီးစိုးဖို့ အဓိက ရည်ရွယ်နေတာဖြစ်တယ်"လို့ ပြောပါတယ်။ 

ဗန်ကူးဗားရောက် မြန်မာကျောင်းသားလူငယ်တဦးကလည်း  “သံအမတ်ကြီးဦးကျော်မိုးထွန်းကို စစ်ကောင်စီက နည်းလမ်းမျိုးစုံသုံးပြီးတော့ ဖယ်ထုတ်ဖို့ ကြိုးစားနေတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကျနော်တို့ မြန်မာပြည်သူတွေရဲ့ အသံကို ဖော်ထုတ်ပေးနိုင်တဲ့  ယူအန်မှာရှိတဲ့ တဦးတည်းသော သံအမတ်ကြီးဖြစ်ပါတယ်၊ အဲဒါကြောင့် ကျနော်တို့က  သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ယူအန်မှာ ဆက်လက်ခန့်အပ်ပေးဖို့အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ပါတယ် ”လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူလည်းဖြစ်၊ မြန်မာအရေး စာအုပ်တွေ ရေးသားနေသူလည်းဖြစ်တဲ့  အလန်ကလင်းမန့်စ်ကတော့ မြန်မာပြည်မှာ  အာဏာသိမ်းစစ်တပ်က ရက်စက်ကြမ်းကြုတ်မှုတွေ ကြီးကြီးမားမား ကျူးလွန်နေတာနဲ့ ကိုယ့်ရဲ့ ပြည်သူတွေကို တဖြည်းဖြည်းချင်း လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတာတွေကို ကမ္ဘာက အာရုံစိုက်မှုရလာအောင်  ဗန်ကူးဗားမှာရှိတဲ့ မြန်မာအသိုက်အဝန်းနဲ့ အခုလို ပူးပေါင်းပါဝင်ဆန္ဒပြရတာလို့ DVB ကိုပြောပါတယ်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကနေ ဒီမိုကရေစီနည်းကျ တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေ အားလုံးကို ထောင်သွင်းအကျဉ်းချ ထားတယ်။ (ကနေဒါနဲ့ အမေရိကန်လို နိုင်ငံမျိုးမှာဆို တွေးကြည့်လိုက်မယ်ဆိုရင် ကွန်ဂရက်လွှတ်တော်အမတ်တွေ၊ ဆီးနိတ်လွှတ်တော်အမတ်တွေအားလုံး၊ သမ္မတ၊ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းထားလိုက်ပြီး အားလုံးမရှိတော့ဘူးပေါ့။) အဲဒီလိုမျိုး မြန်မာနိုင်ငံမှာဖြစ်နေတာပါ။  မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်မှုဟာ ကမ္ဘာ့နေရာတိုင်းရဲ့ ဒီမိုကရေစီကို ခြိမ်းခြောက်မှုပါ။  ဒါကြောင့် ကျနော်တို့ လက်ချင်းချိတ်ထားရပါမယ်၊ အထူးသဖြင့် ကမ္ဘာ့ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင်  ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို  ခု ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုရပါမယ်။"  

ဆန္ဒပြရာမှာပါဝင်တဲ့ မမေရတနာဦးကလည်း  “အမေစုအနေနဲ့ တိုင်းပြည်ရဲ့တာဝန်ကို အများကြီးထမ်းဆောင်ခဲ့ပြီးတော့  အခုလို မတရား အကျဉ်းချခံထားရတဲ့အပေါ်မှာ ကိုယ့်အမေ၊ အဒေါ်၊ အဘွားတယောက်လို ခံစားရတယ်။ အမြန်ဆုံးလည်း လွတ်မြောက်စေချင်တယ်။ မတရားသဖြင့် ဖမ်းဆီးထားတဲ့အပေါ်မှာ လုံးဝ မကျေနပ်ဘူး။ အဲဒါကြောင့်မို့လို့  ဒီကိုလာပြီး  ကိုယ့်ရဲ့ဆန္ဒကို ဖော်ထုတ်တာပါ”လို့ ပြောပါတယ်။  

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ခန့်ထားရေး လူထုထောက်ခံပွဲနဲ့  ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုဆန္ဒပြပွဲ တွေကို အမေရိကန်၊ ကနေဒါ၊ လန်ဒန်၊ နယ်သာလန်၊ ဩစတြေးလျ စတဲ့နိုင်ငံတွေအသီးသီးမှာ  ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုအဖြစ် လုပ်ဆောင်ခဲ့ကြတာပါ။

ဒီကနေ့ အမေရိက်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်အနီးကျင်းပတဲ့ ဆန္ဒပြပွဲမှာတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့ပါတယ်။

ဦးကျော်မိုးထွန်းဟာ သံတမန်တယောက်တင်မကဘဲ  ရက်စက်တဲ့ အာဏာသိမ်းမှုကြောင့် တိတ်ဆိတ်နေတဲ့ ၅၅ သန်းသောမြန်မာပြည်သူတွေရဲ့အသံ ဖြစ်တယ်၊ အနာဂတ်တွေ ခိုးယူခံလိုက်ရတဲ့ ကျောင်းသားတွေရဲ့ အသံ၊ နေ့စဉ် ရုန်းကန်နေကြရတဲ့ အလုပ်သမား၊ လယ်သမားတွေရဲ့ အသံဖြစ်တယ်၊ ပဋိပက္ခတွေကြားမှာ တာဝန်ထမ်းဆောင်နေကြရတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေရဲ့အသံ ဖြစ်တယ်၊ မြန်မာပြည် လွတ်မြောက်ဖို့ မျှော်လင့်နေကြတဲ့ မိဘတွေနဲ့ ကလေးတွေရဲ့အသံလည်း ဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ ကမ်းပိန်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နယူးယောက်မြို့မှာ စက်တင်ဘာ ၈ ရက်နေ့က စတင်ကျင်းပနေတာဖြစ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်း ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေပါတယ်။

နိုင်ငံတကာခေါင်းဆောင်တွေ စုစည်းမယ့် စက်တင်ဘာ ၂၀ ရက်နေ့ကို ပစ်မှတ်ထားပြီး မြန်မာ့အရေးဆောင်ရွက်သူတွေက ကမ်ပိန်းဖော်ဆောင်ဖို့ ပြင်ဆင်ခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အွန်လိုင်းကနေလည်း လက်မှတ်တွေ ကောက်ခံ စုဆောင်းနေတာမှာ လတ်တလောအချိန်အထိ  မြန်မာပြည်တွင်းက နိုင်ငံသားနဲ့ အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၈,၅၀၀ ကျော်နဲ့ ကမ္ဘာအနှံ့က လက်မှတ်ပေါင်း  ၃ သိန်းခွဲ လက်မှတ်တွေစုဆောင်းရရှိထားတယ်လို့လည်း သိရပါတယ်။

အခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံကနေ ဖွဲ့စည်းပေးထားတဲ့ သံတမန်အရည်အချင်း စိစစ်ကော်မတီ (Credentials Committee)  မှာ ဒီမိုကရေစီနိုင်ငံအများစု ပါဝင်တဲ့အတွက်  မြန်မာ သံအမတ်ကြီးဦးကျော်မိုးထွန်း ရာထူးတာဝန်ဆက်ထိန်းနိုင်ရေး အလားအလာကောင်းတွေ ပိုများနေတယ်လို့  မြန်မာ့အရေးလေ့လာသူတွေက သုံးသပ်ပါတယ်။

အခုနှစ် ဖွဲ့စည်းထားတဲ့ ကော်မတီမှာ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ ရုရှား၊ တရုတ် သုံးနိုင်ငံနဲ့အတူ အန်ဒိုရာ၊ ဘော့ဆွာနာ၊ ဒိုမီနီကန်၊ မလေးရှား၊ ဆီနီဂေါနဲ့ ထရီနီဒက်နဲ့ တိုဘာဂို စတဲ့ ၆ နိုင်ငံ၊ စုစုပေါင်း ၉ နိုင်ငံ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013