
မက္ကဆီကိုစီးတီးရဲ့ လူနေထူထပ်တဲ့နယ်မြေမှာ ပြီးခဲ့တဲ့သီတင်းပတ်က ရေနံဓာတ်ငွေ့ရည် (LPG) ကို တင်ဆောင်လာတဲ့ သိုလှောင်ယာဉ်တစီး ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ ၂၅ ယောက်အထိ မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာ ၁၉ ရက်က မြို့တော် ကျန်းမာရေးဌာနရဲ့ လူမှုကွန်ရက် X မှာ ရေးသားဖော်ပြထားပါတယ်။
မက္ကဆီကိုမြို့တော်ရှိ လူဦးရေအများဆုံးနဲ့ နိုင်ငံတွင်း ဒုတိယလူဦးရေအများဆုံး ဖြစ်တဲ့ အဇ်တာ-ပါလာပါမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က လူစည်ကားတဲ့လမ်းတလျှောက်မှာ မောင်းနှင်နေရင်း ထရပ်ကား ပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရသူတွေ အရေအတွက်က တိုးလာနေတာလို့ ဆိုပါတယ်။
မက္ကဆီကိုစီးတီး ကျန်းမာရေးဌာနက “အဇ်တာ-ပါလာပါက ဖြစ်ရပ်မှာ လူ ၂၁ ယောက်ကို ဆေးရုံတင်ထားရဆဲဖြစ်ပြီး ၃၈ ယောက်က ဆေးရုံက ဆင်းခွင့်ရပြီးတော့ ကံမကောင်းစွာနဲ့ပဲ ၂၅ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်” လို့ သောကြာနေ့မှာ ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ လွန်ခဲ့တဲ့ သီတင်းပတ်က အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဂက်ဗက်စ်တန်မြို့ရှိ ဆေးရုံကို ပို့ဆောင်ခံခဲ့ရတဲ့ အသက် ၂ နှစ်အရွယ် မိန်းကလေးတယောက် လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ရေနံဓာတ်ငွေ့ရည် LPG လီတာ ၅၀,၀၀၀ လောက် တင်ဆောင်လာတဲ့ ရေနံတင်ထရပ်ကား တစီးတိမ်းမှောက်တာမှာ လမ်းဘေးအထိန်းနံရံတွေကို ဝင်တိုက်ခဲ့ပြီးနောက်မှာ ပေါက်ကွဲခဲ့တာပါ။
ယာဉ်တိမ်းမှောက်မှုကြောင့် ဓာတ်ငွေ့တွေ ယိုစိမ့်ပေါက်ထွက်လာပြီး နောက်ဆုံးတော့ အကြီးစားပေါက်ကွဲမှုကြီးနဲ့ မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတော့ ကားအစီးရေ ၃၀ လောက်ကို မီးလောင်သွားခဲ့ပါတယ်။
မြို့တော်အာဏာပိုင်တွေရဲ့ ပဏာမစုံစမ်းစစ်ဆေးမှုတွေအရ အရှိန်လွန်ကဲပြီး ယာဉ်မောင်းရဲ့ ကျွမ်းကျင်မှု အားနည်းမှုကြောင့် ထရပ်ကား တိမ်းမှောက်သွားခဲ့ကြောင်း သိရပါတယ်။
Source: Reuters










