DVB Logo
Home
Lead Story
အကြွေးနံ့စွဲနေတဲ့ မိုးခြိမ်းသံတွေ
DVB
·
May 16, 2026
အကြွေးနံ့စွဲနေတဲ့ မိုးခြိမ်းသံတွေ
Donate to DVB

တကယ်တော့ အိမ်ရှေ့ကို ခြေသံပြင်းပြင်းနဲ့ လာတဲ့သူတွေကို ကျနော် မုန်းခဲ့တာ‌ပေါ့။ အကြွေးတောင်းတဲ့သူတွေရဲ့ အသံက အိမ်ထဲအထိ ကျယ်လောင်လွန်းရင် ကျနော့်ရင်ဘတ်ထဲမှာ တခုခုနဲ့ အထိုးခံရသလိုပဲ။ အစကတော့ အမုန်းပေါ့။

နည်းနည်းလေး သိတတ်လာတဲ့အခါ အမုန်းထက်ပိုတဲ့ စိတ်ဒဏ်ရာ ဖြစ်လာတယ်။ ကိုယ့်မိဘတွေ သူများရှေ့မှာ ခေါင်းငုံ့နေရတာကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်လည်း အားမရဘူး။ အခြေအနေတွေကိုလည်း စိတ်နာမိတယ်။

ပြီးတော့ အဖေက သူစိမ်းတွေကို ပြောတတ်သေးတယ်။ “ကလေးတွေကို လယ်ထဲတောင် ပေးမဆင်းဘူး၊ ပညာရေးပဲ လုပ်ခိုင်းတာ” တဲ့။ အဲဒီစကားကို ကြားတိုင်း ကျနော့်မှာ ရင်ထဲမှာ မကျေနပ်ချက်တွေနဲ့ ပြည့်နေတာပဲ။ ကျနော် ဘယ်လောက် ပင်ပန်းခဲ့ရလဲဆိုတာ ကျနော့်လက်တွေက သက်သေပဲလေ။

ဘယ်လောက် ပင်ပန်းခဲ့ရလဲဆိုတာ လက်ဖဝါးတွေက သက်သေပဲ။ ကျနော့်လက်တွေက မိုးကုတ်က ပြောင်ခေါင်းစိမ်းကျောက် ရှာတဲ့သူတွေရဲ့ လက်တွေလိုပဲ။ ကျောက်တွင်းထဲမှာ မြေစာတွေ၊ ကျောက်ခဲတွေကို တူးဆွကိုင်တွယ်ထားလို့ ကြမ်းတမ်းနေတဲ့ လက်ဝါးမျိုးပေါ့။ လက်ဖဝါးတပြင်လုံးမှာ အသားမာဖုကြီးတွေက အပြိုင်းပြိုင်း တက်နေခဲ့တာ။

နေ့စဉ်ဘဝဟာ ကျောင်းစာကြည့်စားပွဲနဲ့ လယ်ကွင်းကြားမှာ ဗျာများခဲ့ရတယ်။ ကျောင်းဆင်းလို့ လွယ်အိတ်ချလိုက်တာနဲ့ ပေါက်ပြားကိုင်ပြီး လယ်ထဲကို ပြေးဆင်းရတယ်။ ကျောင်းသားတယောက်ရဲ့ လက်ထဲမှာ ရှိရမဲ့ ကလောင်တံထက် ပေါက်ပြားရိုးနဲ့ ထွန်တုံးက ကျနော့်လက်တွေနဲ့ ပိုပြီး ရင်းနှီးနေခဲ့ရတာပါ။

အကြွေးရှင်တွေရှေ့မှာ အဖေက ကျနော့်ကို လယ်မလုပ်ရတဲ့ ကလေးတယောက်လို ပုံဖော်နေပေမဲ့ တကယ်တော့ ကျနော့်ရဲ့ ဒီကြမ်းတမ်းနေတဲ့ အသားမာတွေဟာ သူတို့ဆီက ယူထားတဲ့ အကြွေးတွေကို ပြန်ဆပ်နိုင်ဖို့အတွက် ရုန်းကန်ရင်း ရလာခဲ့တဲ့ အမာရွတ်တွေ ဖြစ်ပါတယ်။

ပညာတတ်တယောက်ဖြစ်ဖို့ ကြိုးစားနေရတဲ့ကြားက လယ်သမားတယောက်ရဲ့ဒဏ်ကို အပြည့်အဝ ခံခဲ့ရတဲ့ ကျနော့်ရဲ့လက်တွေကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် သနားမိသလို ဒီအမှန်တရားကို ဖုံးကွယ်ထားရတဲ့ အခြေအနေကိုလည်း စိတ်မကောင်းဖြစ်မိတယ်။

လယ်ထွန်တယ်၊ ပျိုးနုတ်တယ်၊ ကောက်ရိတ်တယ်၊ ကောက်လှိုင်းစည်းတယ်။ လယ်သမားတယောက် လုပ်ရတဲ့ အလုပ်မှန်သမျှ ကျနော့်ပခုံးပေါ်မှာ တင်ခဲ့ရတာပါ။ အဖေက ကျနော့်ကို ဂုဏ်သိက္ခာရှိတဲ့ ကျောင်းသားလေး ဖြစ်စေချင်လို့ အဲဒီလိုပြောတာ မှန်ပေမဲ့ ကျနော် တကယ်ပေးဆပ်ခဲ့ရတဲ့ ချွေးစက်တွေကိုတော့ ဘယ်သူမှ မမြင်ကြဘူး။

အကြွေးရှင်တွေရှေ့မှာ ကျနော်ဟာ ဘာမှမလုပ်ရတဲ့ ကလေးတယောက်လို ဖြစ်နေပေမဲ့ တကယ်တော့ ကျနော်ဟာ အဲဒီအကြွေးတွေကြားမှာပဲ အရွယ်နဲ့မမျှအောင် ရုန်းကန်ရင်း ကြီးပြင်းလာခဲ့ရတာပါ။

ကျောင်းစာတဖက်နဲ့ လယ်အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ခဲ့ရတဲ့ နေ့ရက်တွေကို ကျနော် ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ နေပူထဲမှာ ပျိုးနုတ်၊ ကောက်ရိတ်၊ လယ်ထွန်ရလို့ ဘယ်လောက်ပဲ ပင်ပန်းပါစေ ခံနိုင်ရည်ရှိခဲ့ပါတယ်။ ခန္ဓာကိုယ် ပင်ပန်းတာက ခဏပါပဲ။ တကယ်မခံနိုင်တာက အိမ်ကို အကြွေးတောင်းဖို့ လာကြတဲ့သူတွေကိုပါ။

စပါးအစာ(ဓာတ်ဆား)ဖိုး အကြွေးရှင်၊ ပိုးသတ်ဆေးဖိုး အကြွေးရှင်၊ အတိုးတောင်းတဲ့သူကတမျိုး အိမ်ရှေ့မှာ သူတို့ခြေသံတွေ ကြားရပြီဆိုရင် ကျနော့်ရင်ထဲမှာ တမျိုးကြီး ဖြစ်ရတယ်။

ဘယ်လောက်ပဲ ပင်ပန်းတဲ့အလုပ်ဖြစ်ဖြစ် ကျနော် အပြုံးမပျက် လုပ်နိုင်ပေမဲ့ အိမ်ရှေ့မှာ လာရပ်ပြီး အကြွေးတောင်းနေတဲ့သူတွေကို မြင်ရတာကိုတော့ တကယ်ကို စိတ်အနာတရ ဖြစ်ရတော့တာပဲ။

ကျနော်တို့မိသားစု နေထိုင်တဲ့ တဲကုတ်ကလေးဆီကို အကြွေးရှင်တွေက ချောင်းပေါက်မတတ် လာကြတာ။ အဲဒီလူတွေ အိမ်ရှေ့ရောက်လာတိုင်း ကျနော့်ရင်ထဲမှာ မွန်းကျပ်သလို ခံစားရတယ်။ ဒီလူတွေ အိမ်မလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ ကလေးဘဝတုန်းက မသိခဲ့ဘူး။

ဒါပေမဲ့ နည်းနည်း သိတတ်တဲ့အရွယ်ရောက်လာတော့ တခု သတိထားမိလာတယ်။ ကျနော်တို့ အကြွေးတင်နေတာ လယ်လုပ်နေလို့ပဲ။ လယ်ထဲမှာ စပါးအစာဖိုး၊ ပိုးသတ်ဆေးဖိုးတွေနဲ့ ရုန်းကန်နေရသရွေ့ ဒီအကြွေးရှင်တွေက ကျနော်တို့အိမ်ကို လာနေကြဦးမှာပဲ။ လယ်မလုပ်ရင် အကြွေးမတင်ဘူး၊ အကြွေးမတင်ရင် ဒီလူတွေရဲ့ ရင့်သီးတဲ့ စကားတွေကို ကြားရမှာမဟုတ်ဘူးလို့ တွေးမိလာတယ်။

တနေ့တော့ ရင်ထဲမှာ တစ်ဆို့နေတာတွေကို မအောင့်နိုင်တော့ဘဲ မိဘတွေကို ဖွင့်ပြောလိုက်မိတယ်။

"အဖေ... ကျနော်တို့ လယ်မလုပ်ဘဲ နေလို့မရဘူးလား။"

အဖေက ကျနော့်ကို အံ့သြသလို ကြည့်ပြီး "လယ်မလုပ်ရင် ငါတို့ ဘာလုပ်စားမလဲ" လို့ ပြန်ပြောတယ်။ အဖေ့စကားကို ကျနော် ချက်ချင်းပဲ တုံ့ပြန်မိတယ်‌။

"တခြားအလုပ် တခုခုပေါ့။ လယ်အလုပ်က ခန္ဓာကိုယ် ပင်ပန်းတာထက် စိတ်ဒဏ်ရာတွေရတာက ပိုဆိုးတယ်။ အကြွေးရှင်တွေ အိမ်လာတိုင်း သူတို့ရဲ့ အပြောအဆိုတွေအောက်မှာ ကျနော်တို့ ဘယ်လောက်တောင် စိတ်နာခဲ့ရပြီလဲ။ ပင်ပန်းဒဏ်တွေကို ခံနိုင်ပေမဲ့ အဲဒီလူတွေရှေ့မှာ မျက်နှာငယ်ရတဲ့ ဒဏ်ကိုတော့ မခံနိုင်တော့ဘူး။ ဒါကြောင့် လယ်အလုပ်ကို မလုပ်ပါနဲ့တော့။"

ကျနော်ဖြစ်ချင်တာက တခုတည်းပါ။ အိမ်တံခါးဝမှာ အကြွေးရှင်တွေရဲ့ ခြေသံတွေ ပျောက်ကွယ်သွားဖို့နဲ့ မိဘတွေရဲ့ မျက်နှာမှာ သူတပါးကို အားနာစရာမလိုတဲ့ အပြုံးမျိုးကို မြင်ချင်ရုံသက်သက်ပဲ။

ငယ်ဘဝရဲ့ မိုးဦးကျကာလတွေဆိုတာ ကျနော့်အတွက်တော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အချိန်တွေပေါ့။ မိုးစပါးစိုက်ဖို့ အဖေနဲ့အမေက ဘယ်ကနေ ငွေတွေ ချေးငှားရှာဖွေလာသလဲဆိုတာ ကျနော် သိမှမသိခဲ့တာ။ လယ်ကွင်းထဲမှာ ကောက်စိုက်သူ အမျိုးသမီးလူအုပ်ကြီး တပျော်တပါး အလုပ်ဆင်းနေကြတာကို ကြည့်ပြီး ကျနော့်ကိုယ်ကျနော် လယ်သူဌေးကြီးရဲ့ သားတယောက်လိုတောင် အထင်ရောက်ခဲ့မိတာ။

အဲဒီတုန်းက လူပျိုပေါက်စ ကျနော့်စိတ်ထဲမှာ ကောက်စိုက်မတွေရှေ့ ခန့်ခန့်ညားညားနဲ့ပေါ့။ ဒီလယ်အလုပ်တွေကြောင့် ကျနော် ဘယ်လောက် စိတ်ဒဏ်ရာရလာတော့မယ်ဆိုတာ အိပ်မက်တောင် မမက်ခဲ့ဘူး။ ဒါပေမဲ့ ပျော်ရွှင်စရာအချိန်တွေက သိပ်မကြာပါဘူး။ စပါးတွေမှည့်လို့ ရိတ်သိမ်းချိန် ရောက်လာတဲ့ အခါမှာတော့ ကျနော့်ရဲ့ စိတ်ပျက်စရာ ဇာတ်လမ်းက စတော့တာပဲ။

အလယ်တန်းကျောင်းသားဘဝတုန်းက အခုခေတ်လို ရိတ်ချွေစက်တွေနဲ့ တခဏချင်း ရိတ်သိမ်းကြတာ မဟုတ်ဘူး။ ပင်ပင်ပန်းပန်း ရိတ်သိမ်းခဲ့ရတဲ့ လယ် ၁၀ ဧကက ထွက်သမျှ စပါးတွေကို ကိုယ်တိုင်တောင် မစားရသေးဘူး၊ အိမ်ရှေ့မှာ စောင့်နေတဲ့ အကြွေးရှင်တွေလက်ထဲ အပုံလိုက်၊ အပုံလိုက် ထိုးအပ်လိုက်ရတော့တာပဲ။

အဲဒီအချိန်မှာ အဖေ့ဆီကနေ ခါးခါးသီးသီး ညည်းတွားသံ ထွက်လာတယ်။

"တမိုးတွင်းလုံး လယ်ထဲမှာ ရုန်းကန်လာတာ၊ ရိတ်သိမ်းချိန်ကျတော့ ငါတို့လက်ထဲမှာ ကောက်ဆွ၊ တွန်းခုံ၊ ဆန်ကောနဲ့ ဆန်ခါပဲ ကျန်တော့တယ်၊ စားစရာတောင် မကျန်ပါလား" တဲ့။

အဲဒီစကားက ကျနော့်ရင် ကျဥ်ခနဲဖြစ်သွားတယ်။ လယ်သူဌေးသားလို့ ကိုယ့်ကိုယ်ကိုယ် ထင်ခဲ့တဲ့ စိတ်ကူးယဉ်မှုတွေဟာ စပါးခွံတွေလိုပဲ လွင့်စင်သွားခဲ့ရတယ်။ အဲဒီနေ့ကစပြီး အကြွေးဆိုတဲ့ အမည်းစက်တွေနဲ့ ဘဝရဲ့ အခါးဓာတ်ကို ပိုပြီး သိမြင်လာခဲ့ရတာပဲ။

အဲဒီတုန်းက အခုခေတ်လို စက်တွေနဲ့ရိတ်တာမဟုတ်ဘဲ လူကိုယ်တိုင် လယ်ထဲဆင်းပြီး လက်နဲ့ရိတ်ခဲ့ရတာပါ။ ရိတ်ပြီးသား ကောက်လှိုင်းတွေကို တလင်းထဲသယ်၊ ပုံပြီးတော့မှ နွားတွေနဲ့ ပတ်ချာလည် နယ်ကြရတာ။ ဖုန်တလုံးလုံး၊ ချွေးတပြိုက်ပြိုက်နဲ့ စပါးအစေ့အဆန် ဖြစ်လာအောင် ခက်ခက်ခဲခဲ လုပ်ခဲ့ရတဲ့ နေ့ရက်တွေပေါ့။

ဒါပေမဲ့ အားလုံးပြီးစီးလို့ စပါးပုံကြီး ထွက်လာတဲ့အခါမှာတော့ အိမ်ရှေ့ကစောင့်နေတဲ့ အကြွေးရှင်တွေက အကုန်လုံး သိမ်းသွားကြတာပါပဲ။ ကျနော်တို့အတွက် စားစရာဆိုလို့ ဘာမှမကျန်ဘဲ နွားစာဖြစ်တဲ့ ကောက်ရိုးပုံကြီးကသာ တလင်းထဲမှာ ဟည်းနေအောင် ကျန်ရစ်ခဲ့တယ်။

အဲဒီလို အခြေအနေမျိုးမှာတောင် အဖေက အားတင်းပြီး ရှာကြံပြောတတ်သေးတယ်။

"လယ်လုပ်တာ လူစားဖို့ မကျန်ရင်တောင်မှ နွားစားဖို့တော့ ကျန်ပါသေးတယ်" တဲ့။

အဖေ့စကားကို ကြားရတာ ကျနော့်အတွက်တော့ ရယ်ရခက်၊ ငိုရခက်ပဲ။ လူတွေမှာ စားစရာ ဆန်အိုးထဲ ဆန်မရှိတော့ဘဲ ငတ်လုနီးပါး ဖြစ်နေချိန်မှာတောင် နွားစာရှိတာကိုပဲ ကျေနပ်နေရတဲ့ အဖေ့ကိုကြည့်ပြီး ကျနော် ဘာပြန်ပြောရမှန်းမသိဘူး။

တနှစ်ပတ်လုံး ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာတွေက အကြွေးရှင်တွေအတွက်ပဲ ဖြစ်နေတယ်။ ကိုယ့်မိသားစုအတွက်တော့ ကောက်ရိုးပုံကြီးပဲ အဖတ်တင်တဲ့ဘဝ။ အဖေကတော့ နွားစာကျန်တာကိုပဲ ကံကောင်းလှပြီလို့ မှတ်ယူနေပေမဲ့ ကျနော့်စိတ်ထဲမှာတော့ အဲဒီကောက်ရိုးပုံကြီးကို ကြည့်ရင်း အကြွေးနွံထဲက ရုန်းမထွက်နိုင်တဲ့ ဘဝကို စိတ်ကုန်ခဲ့ရပါတယ်။

ကျနော့်အတွက်တော့ အဲဒီအကြွေးရှင်တွေဟာ ငယ်ဘဝရဲ့ အိပ်မက်ဆိုးတွေပါပဲ။ သူတို့ကို စိတ်နာတာ အခုချိန်ထိ အကင်းမသေသေးဘူး။ တရာသီစာ လယ်စိုက်ဖို့ ချေးငှားထားတဲ့ အကြွေးတွေက စပါးပေါ်ချိန်ရောက်လို့ အကုန်ပုံပေးလိုက်တာတောင် မကြေဘူးလေ။

မကြေတဲ့အကြွေးက နောက်တနှစ်ဆီ ကူးသွားတယ်၊ အဲဒီကနေ နောက်တနှစ်၊ ဒီလိုနဲ့ သုံးလေးနှစ်စာ အကြွေးဟောင်းတွေ တောင်လိုပုံလာတော့တာပဲ။

အကြွေးတောင်းတဲ့သူတွေ အိမ်လာရင် ပုံစံမျိုးစုံပါပဲ။ တချို့က ရိုင်းရိုင်းစိုင်းစိုင်း၊ အမေကိုတောင် သားပြောမယားပြော ပြောသွားတဲ့သူတောင် ပါသေးတယ်။ ပိုဆိုးတာက တချို့အကြွေးရှင်တွေရဲ့ နည်းပရိယာယ်ပဲ။ သူတို့ကိုယ်တိုင် မလာဘဲ သူတို့ရဲ့ သမီးပျိုတွေကို အကြွေးတောင်းခိုင်းလွှတ်တာ။ ကျနော်တို့လို လူပျိုပေါက် ညီအစ်ကိုတွေရှိတဲ့အိမ်ကို အပျိုတွေကို လွှတ်ပြီး အကြွေးတောင်းခိုင်းတော့ ကျနော်တို့မှာ အိမ်ပြင်တောင် မထွက်ရဲတော့ဘူး။ မျက်နှာပူလွန်းလို့ အိမ်ခန်းထဲမှာပဲ ပုန်းနေရတယ်။

အခုစာရေးနေချိန်မှာ ရေခြားမြေခြားအရပ်က ကောင်းကင်ယံမှာ မိုးခြိမ်းသံတွေ ကြားလိုက်ရတယ်။ အဲဒီအသံက ကျနော့်ရဲ့ အိမ်လွမ်းစိတ်ကို နှိုးဆွပေးလိုက်သလိုပါပဲ။ မိုးခြမ်းသံနဲ့အတူ စိတ်ကူးထဲမှာ အိမ်က လယ်ကွင်းပြင်ကြီးတွေနဲ့ နွားတင်းကုပ်ဆီကို အပြေးအလွှား ရောက်သွားမိတယ်။

မိုးခြိမ်းသံဟာ နှစ်ပေါင်းများစွာ လယ်လုပ်လာတဲ့သူတယောက်အတွက်တော့ အလုပ်ချိန်ကျပြီလို့ သတိပေးတဲ့ ခေါင်းလောင်းသံပါပဲ။ ဒါပေမဲ့ အခုကြားရတဲ့ သတင်းတွေကတော့ ရင်နာစရာပါ။ လယ်သမားကြီးတွေဟာ သူတို့ရဲ့ သက်မဲ့မြေကွက်တွေကို မချစ်မနှစ်သက်လို့မဟုတ်ဘဲ ဝယ်သူလက်ထဲ လိုက်ရောင်းနေကြတယ်တဲ့။ သူတို့လည်း ကျနော့်လိုပဲ လယ်အလုပ်ကို စိတ်နာသွားကြပြီလား။

ခေတ်ရဲ့ အကျပ်အတည်းကလည်း ရက်စက်လွန်းပါတယ်။ စပါးအပုံလိုက်ကြီး ရောင်းလိုက်ရင်တောင်မှ လယ်ထဲမှာအသုံးပြုဖို့ စက်သုံးဆီက လိုသလောက်မရ၊ စပါးဈေးကလည်း မကောင်း၊ ဝယ်သူကလည်း ရှားပါး။ ဒီလိုအခြေအနေမှာ လယ်သမားတယောက်ရဲ့ ဘဝဟာ ဘယ်လောက်အထိ အကျပ်ရိုက်နေမလဲ။

တကယ်တော့ ကိုယ့်အလုပ်ကိုယ် မလုပ်ရတော့တဲ့ လူတယောက်ရဲ့ ရင်ထဲမှာ ဘာတွေဖြစ်နေမလဲ။

နှစ်ပေါင်းများစွာ သံယောဇဉ်တွယ်လာတဲ့ မြေဆီလွှာကို စွန့်ခွာလိုက်ရတဲ့အခါ၊ မိုးခြိမ်းသံကို ကြားရလျက်နဲ့ လယ်ထဲမဆင်းနိုင်တော့တဲ့အခါ အဲဒီလူဟာ မှိုင်တွေနေမလား၊ တိတ်တိတ်ကလေး မျက်ရည်ကျနေမလား။ ကိုယ့်လက်နဲ့ စိုက်ခဲ့တဲ့ စပါးနှံတွေအစား အကြွေးစာရင်းတွေနဲ့ပဲ နပန်းလုံးနေရတဲ့ ဘဝကို တွေးရင်း သူတို့လည်း ကျနော့်လိုပဲ လယ်မလုပ်ချင်တော့ဘူးလို့ ရေရွတ်နေကြမလားပဲ။

တကယ်တော့ ကျနော်တို့ဟာ မြေဆီလွှာကို ချစ်ကြတဲ့သူတွေပါ။ ဒါပေမဲ့ အဲဒီမြေဆီလွှာကနေ ဖြစ်ထွန်းလာတဲ့ စပါးနှံတွေဟာ ကျနော်တို့ရဲ့ ဆန်အိုးထဲကို မရောက်ဘဲ အကြွေးရှင်တွေရဲ့ လက်ထဲကိုပဲ တစိုက်မတ်မတ် ရောက်သွားခဲ့တာကတော့ ဘဝရဲ့ အခါးဆုံး ပြက်လုံးတခုပါပဲ။

အခုတော့ မိုးခြိမ်းသံကို ကြားရတိုင်း လယ်ထဲဆင်းဖို့ အားယူမဲ့အစား အိမ်ရှေ့က ခြေသံတွေကို နားစွင့်နေရတဲ့ ငယ်ဘဝစိတ်ဒဏ်ရာကပဲ ကျနော့်ကို ဦးစွာ နှုတ်ဆက်နေဆဲပါပဲ။ လယ်ကွင်းတွေကို စွန့်ခွာသွားကြတော့မဲ့ လယ်သမားကြီးတွေ ဘယ်လောက်များ ရှိကြဦးမလဲ မသိနိုင်ပါဘူး။

လယ်ကွင်းတွေကို စွန့်ခွာသွားကြတော့မဲ့ လယ်သမားကြီးတွေရဲ့ ကျောပြင်ကို စိတ်ကူးထဲ မှန်းဆကြည့်မိရင်း ကျနော် တခုပဲ တွေးမိတယ်။ ကျနော်တို့ဟာ မြေဆီလွှာကို စွန့်ခွာခဲ့ကြတာလား၊ ဒါမှမဟုတ် ခေတ်စနစ်ရဲ့ ရက်စက်မှုတွေကပဲ ကျနော်တို့ကို မြေဆီလွှာပေါ်ကနေ ကန်ထုတ်ခံလိုက်ရတာလား ဆိုတာပါပဲ။     ။

တာပလု

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013