
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာရှိတဲ့ လယ်ယာလုပ်ငန်းခွင်ထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဇူလိုင် ၅ ရက် ညနေ ၅ နာရီဝန်းကျင်က ရေကြည်မြို့နယ်၊ ဘုရားကြီးကျေးရွာက လယ်ကွင်းထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ အသက် ၂၃ နှစ်အရွယ် ကိုဇော်လင်းနဲ့ အသက် ၃၁ နှစ်အရွယ် နောက်ထပ်အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။ ဒ့ါအပြင် အမျိုးသမီး ၃ ယောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “လယ်ထဲမှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်နေတဲ့သူတွေထဲက ၂ ယောက် ဆုံးသွားတာ။ လက်နက်ကြီးကျည် ကျလာတာ။ သေဆုံးသွားတဲ့သူတွေက လယ်သမားတွေပါ” လို့ ပြောပါတယ်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၄၀ ကျော်အရွယ် ဒေါ်လှလှ အပါအဝင် အမျိုးသမီး ၃ ယောက်ကတော့ ပွန်းပဲ့ထိခိုက်ဒဏ်ရာတွေပဲ ရခဲ့တာဖြစ်လို့ မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ဒေသခံ ရပ်မိရပ်ဖတယောက်က “ဘယ်လက်နက်ကိုင်အဖွဲ့က လုပ်တယ်ဆိုတာတော့ မသိရသေးပါဘူး။ စစ်ကောင်စီနဲ့ တဖွဲ့တည်းကလူတွေဘက်ကတော့ PDF နဲ့ AA လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုဆိုပြီး လူမှုကွန်ရက်ပေါ်မှာ စွပ်စွဲရေးသားနေကြတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ လက်နက်ကြီးကျည်ကျခဲ့တဲ့နေရာနဲ့ တဆက်တည်းရှိနေတဲ့ ရွှေရင်ပျော်ကျေးရွာမှာ စစ်အာဏာရှင်တပ်က တပ်စခန်းချထားပြီး လက်နက်ကြီးတွေ တပ်ဆင်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာတွေဟာ ရခိုင်ပြည်နယ်၊ ရခိုင်ရိုးမနဲ့ တဆက်တည်းဖြစ်နေပြီး၊ ရခိုင်ရိုးမနဲ့ နီးစပ်တဲ့ရွာတွေမှာ စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်တာ၊ စစ်ကြောင်းထိုးတာတွေအပြင်၊ တချို့နေရာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။











