
ရခိုင်ပြည်နယ်က လယ်သမားတွေဟာ ၃ နှစ်ဆက် အရှုံးပေါ်နေပြီး အခုနှစ် စိုက်ပျိုးရာသီမှာ အရင်နှစ်တွေကထက် စိုက်ပျိုးဧက လျော့ကျစိုက်ပျိုးနေရတယ်လို့ လယ်သမားတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က လယ်သမားတွေဟာ ၂၀၂၃ ခုနှစ်ကတည်းက စစ်အာဏာရှင် ပိတ်ဆို့ထားတာကြောင့် ရခိုင်ပြည်နယ်ထွက် စပါးတွေကို ပြည်မနဲ့ ပြည်ပကို မတင်ပို့နိုင်တာကြောင့် ဈေးကောင်းမရကြသလို သွင်းအားစုစရိတ်တွေဟာလည်း ၃ ဆနီးပါး မြင့်တက်သွားတာကြောင့် နှစ်စဉ်နှစ်တိုင်း အရှုံးတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
အဲဒီလို စိုက်ပျိုးရာသီ ၃ ရာသီဆက်တိုက် အရှုံးတွေနဲ့ ရင်ဆိုင်ရပြီးနောက် ရခိုင်က လယ်သမားတွေဟာ စိုက်ပျိုးဧကကို လျှော့ချပြီး စိုက်ပျိုးလာကြတာကြောင့် အခုနှစ် လယ်စိုက်ပျိုးမှုဟာ ပြီးခဲ့တဲ့နှစ်တွေကထက် လျော့ကျသွားတယ်လို့ လယ်သမားတွေက ပြောပါတယ်။
ကျောက်တော်လယ်သမား ဦးသိန်းထွန်းက “ဒီနှစ် လယ်စိုက်ပျိုးမှုက ပြီးခဲ့တဲ့နှစ်ကထက် လျော့ကျသွားတယ်။ အထူးသဖြင့် စပါးဈေးမကောင်းတာ၊ သွင်းအားစုစရိတ် မြင့်တက်တာတွေကြောင့် အရှုံးပေါ်ကြလို့ လျှော့ချလိုက်ကြတာ။ လယ်အပြည့်လုပ်တဲ့သူက နည်းနည်းလေးပဲ။ အများစုက လျှော့ချပြီး လုပ်ကြတာ။ လယ်က လုပ်ရင် အရှုံးပဲ။ အရင်းတောင် ပြန်မရကြဘူး။ လယ်မလုပ်ဘဲ တခြားတခု လုပ်စားရင် အကျိုးအမြတ်ရကြသေးတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ လက်ရှိ ပေါ်ဆန်းမွှေး စပါးတောင်း ၁၀၀ ကို ကျပ်ငွေ ၈ သိန်းသာ ပေါက်ဈေးရှိပြီး အိန္ဒိယ စပါးတောင်း ၁၀၀ ကို ၆ သိန်းကျပ်ဝန်းကျင်သာ ရှိပါတယ်။
ဒီဈေးနှုန်း ပမာဏာဟာ ရခိုင်စစ်ပွဲမဖြစ်ပွားမီ ၂၀၂၂ ခုနှစ်က ပေါ်ဆန်းမွှေးစပါး တောင်း ၁၀၀ က ကျပ်ငွေ ၁၃ သိန်းထက် ၅ သိန်းကျော် လျော့ကျသွားသလို အိန္ဒိယ စပါးဈေးနှုန်းဟာလည်း တောင်း ၁၀၀ ကို အဲဒီတုန်းက ကျပ်ငွေ ၉ သိန်းထက် ၃ သိန်းကျော် လျော့ကျသွားပါတယ်။
ရခိုင်ပြည်နယ်ကထွက်တဲ့ စပါးတွေကို အရင်တုန်းက ပြည်မဒေသနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တင်ပို့နိုင်ခဲ့ပေမဲ့ စစ်အာဏာရှင်တပ်က ကုန်စည်စီးဆင်းမှု ပိတ်ဆို့လိုက်ပြီးနောက် တင်ပို့မဲ့နေရာ မရှိတော့ဘဲ ရခိုင်ပြည်တွင်းမှာသာ စားသောက်နေကြရတာလို့ စပါးကုန်သည်တွေက ပြောပါတယ်။
ဒါ့အပြင် သွင်းအားစုစရိတ်တွေဖြစ်တဲ့ ဓာတ်မြေဩဇာနဲ့ စက်သုံးဆီဈေးနှုန်းတွေ၊ စက်ပစ္စည်း ဈေးနှုန်းတွေဟာလည်း တိုက်ပွဲမဖြစ်ခင် ကာလတွေကထက် ၃ ဆနီးပါး မြင့်တက်သွားတာကြောင့် လယ်သမားတွေဟာ အရှုံးနဲ့ ဆက်တိုက် ရင်ဆိုင်လာနေကြရတာလည်း ဖြစ်ပါတယ်။
မြောက်ဦးလယ်သမား ဦးထွန်းကြိုင်က “လယ်လုပ်လို့ မစားရတော့ဘူးဗျာ။ စပါးက ဈေးမရ သွင်းအားစုစရိတ်က ကြီးတော့ နှစ်တိုင်း ရှုံးတယ်။ ဒီနှစ်ဆို လယ်တွေတောင် အပြည့်မလုပ်နိုင်တော့ဘူး။ လယ်သမားတိုင်း စိုက်ပျိုးဧကကို လျှော့စိုက်ကြတယ်။ ကျနော်တို့ ခန့်မှန်းခြေဆိုရင် ဒီနှစ် ရခိုင်ရဲ့ စိုက်ပျိုးဧကရဲ့ ၂ ဝက် ၁ ဝက်လောက် လျော့ကျနိုင်ခြေရှိတယ်။ ကျနော်တို့ဘက်မှာဆို လယ်မစိုက်တဲ့ လယ်ကွင်းတွေ အများကြီးပဲ” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနှစ် စိုက်ပျိုးရာသီမှာ ဓာတ်မြေဩဇာတအိတ်ကို ကျပ်ငွေ ၂ သိန်းကနေ ၅ သိန်းအထိ အမျိုးအစားလိုက် ပေါက်ဈေးရှိနေပြီး စက်သုံးဆီ ၁ ပေပါကို ၁၃ သိန်းကနေ ၁၆ သိန်းအထိ ဆီအမျိုးအစားပေါ် မူတည်ပြီး ပေါက်ဈေးရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ လယ်စိုက်ပျိုးဧက ၁၂ သိန်းကျော် ရှိရာကနေ အခုနှစ်မှာ စိုက်ပျိုးဧက ၇ သိန်းဝန်းကျင်လောက်သာ ရှိနိုင်တယ်လို့ လယ်သမားတွေရဲ့ စိုက်ပျိုးရေးအသင်းအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။










